အိမ်ထောင်ရေးမှာ ကိုယ့်ဘက်က ဖောက်ပြန်လိုက်မိတဲ့အခါ…

blank

ကျွန်မမှာသူငယ်ချင်းတစ်ယောက်ရှိတယ်။ ကျောင်းပြီးပြီးချင်းအိမ်ထောင်ကျခဲ့တာဆိုတော့ အခုဆိုရင် အိမ်ထောင်သက် (၅) ကျော်တောင်ရှိနေပြီ။ လွန်ခဲ့တဲ့ခြောက်လလောက်က သူ့အမျိုးသားက နယ်ကိုအလုပ်ကိစ္စနဲ့ ခဏသွားရဖို့ဖြစ်လာတယ်။ အပြီးပြောင်းရတာမျိုးမဟုတ်ဘဲ တစ်နှစ်လောက်ပဲ နေရမှာဆိုတော့ အလုပ်တစ်ဖက်ရှိနေတဲ့ ကျွန်မသူငယ်ချင်းကလည်း မြို့မှာပဲ ကျန်ခဲ့ပါတယ်။

တစ်နေ့မှာ ကျွန်မသူငယ်ချင်းက ကျွန်မဆီကို ငိုကြီးချက်မနဲ့ရောက်လာတယ်။ သူ့ရဲ့အပြောအရ ငယ်ငယ်တုန်းက ခင်မင်ခဲ့တဲ့ကောင်လေးတစ်ယောက်နဲ့ ပြန်ဆုံခဲ့တယ်။ ဖုန်းနံပါတ်တွေအပြန်အလှန်တောင်း၊ ရုံးပိတ်ရက်တွေမှာ မုန့်ထွက်စားနဲ့ပေါ့။ အစတုန်းက ရိုးရိုးသားသားပေမယ့် နောက်တော့ အဲ့ဒီကောင်လေးရဲ့ အပြောတွေအောက်၊ အယုအယတွေအောက်မှာ သူပါသွားခဲ့တယ်။ နောက်တော့ အတူတူနေတဲ့အထိ ဖြစ်လာတယ်ပေါ့။

လွန်ခဲ့တဲ့တစ်ပတ်လောက်က အဲ့ဒီကောင်လေးက သူနဲ့ဖောက်ပြန်တဲ့အကြောင်းကို သူ့ယောက်ျားကို မပြောစေချင်ရင် ဆယ်သိန်းပေးလို့တောင်းတယ်။ ကျွန်မသူငယ်ချင်းကလည်း ကြောက်ကြောက်လန့်လန့်နဲ့ သူတောင်းတဲ့အတိုင်းပေးလိုက်တာပေါ့။ အခုတော့ အဲ့ဒီကောင်လေးက သိန်း ၅ဝ တောင်းပြန်ပြီ။ ကျွန်မကတော့ ကျွန်မသူငယ်ချင်းကို စိတ်တိုတိုနဲ့ ရိုက်ပစ်လိုက်ချင်တာ။ မိုက်လိုက်လေချင်း ဆိုပြီးတော့ပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မကတော့ တစ်ဖက်က ငွေညှစ်သမျှတွေကိုပေးပြီး စိတ်ဆင်းရဲခံမယ့်အစား၊ သူ့အမျိုးသားသာ သိသွားခဲ့ရင်ဆိုပြီး စိတ်ဖိစီးနေမယ့်အစား သူ့အမျိုးသားကို အမှန်အတိုင်းပြောပြပြီး သူ့အမျိုးသားပေးတဲ့ အပြစ်ကိုပဲ ခံယူစေချင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်ကသူ့ကိုငွေညှစ်နေတာတွေ၊ စိတ်ဆင်းရဲအောင် လုပ်နေတာတွေတော့ မခံစားရတော့ဘူးပေါ့။ ဒါပေမဲ့ အကြံပေးရတာသာ လွယ်ပြီး ကာယကံရှင်အတွက်တော့ ခက်ခဲတဲ့ကိစ္စပဲ မဟုတ်လား။

အပြန်အလှန် သစ္စာတရားတွေ စောင့်သိပြီး သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတွေကို လူတိုင်း တည်ဆောက်နိုင်ကြရင် ဘယ်လောက်ကောင်းလိုက်မလဲ။