ဒီလိုသူငယ်ချင်းမျိုးကို ပြန်လက်ခံသင့်လား။

blank

ညီမတို့နှစ်ယောက်က နှစ်ယောက်လုံးဘာမှမဟုတ်သေးတဲ့ တက္ကသိုလ်ကျောင်းသူဘဝကတည်းက အဆောင်အတူတူနေ၊ ကျောင်းပြီးတော့လည်း ရန်ကုန်မှာပဲ အလုပ်လုပ်ရင်း နေလာကြတာ ကြာပါပြီ။ သူ့အိမ် ထက်စာရင် ညီမအိမ်က ပိုပြေလည်တော့ ကျောင်းတုန်းကတည်းက ညီမမှာရှိတာတွေအကုန် သူစားရပါတယ်။ သူပိုက်ဆံပြတ်ရင်လည်း ညီမရှိတဲ့ထဲက အမြဲမျှသုံးပေးခဲ့ပါတယ်။

သူနေမကောင်းတော့လည်း ညီမပဲပြုစုခဲ့တာ ပါ။ အလုပ်ရတော့လည်း ညီမအလုပ်က လစာပိုကောင်းတော့ သူ့ကို အမြဲကူညီခဲ့ပါတယ်။ ဘာပဲ ဝယ်ဝယ်တစ် ယောက်တစ်ဝက်စားပေမဲ့ ညီမက တစ်ဝက်မကပိုစိုက်ပါတယ်။ သူအသည်းကွဲတော့လည်း စိတ်ကူးပေါက်ရာ လျှောက်လုပ်သမျှ ညီမပဲ လိုက်ထိန်းပေးခဲ့တာပါ။ နောက်တော့ သူအလုပ်ကောင်းကောင်းရသွားပါတယ်။ ပင် ကိုယ် လစာကောင်းတာကော သူ့ကြိုးစားမှုကြောင့်ပါ အလုပ်မှာ နေရာ မြန်မြန်ရသွားပါတယ်။ အပေါင်းအသင်း အသစ်တွေလည်း ရလာပါတယ်။ အဲ့ဒီအပေါင်းအသင်းတွေက သုံးသုံးဖြုန်းဖြုန်းနဲ့ ပေါ့ပေါ့နေကြလို့ ညီမက တော့ သိပ်သဘောမကျပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူတို့တွေက မိဘနောက်ခံတွေလည်း ပြည့်စုံပုံရတော့ ရသမျှလစာသူတို့ ဘာ သာသုံးတယ်လို့ သိရပါတယ်။ ညီမနဲ့ညီမသူငယ်ချင်းကတော့ သာမန်လူတန်းစားတွေမို့ သူတို့လိုလိုက်သုံးနေ လို့မရဘူးလို့ စေတနာနဲ့ပြောမိတဲ့နေ့က သူက ညီမကို အကြီးအကျယ်စိတ်ဆိုးသွားပါတယ်။ သူက လစာပို ကောင်းလို့၊ နောက်ထပ်အပေါင်းအသင်းတွေလည်း ရှိလာလို့ ညီမက မနာလိုပြီးပြောတယ်လို့ စွပ်စွဲပါတယ်။ ညီမကလည်း ဒေါသထွက်ပြီး “ နင့်ကိုမနာလိုရင် နင်ဒုက္ခရောက်တုန်းက တောက်လျှောက်ကူညီခဲ့စရာ အကြောင်းကို မရှိဘူး” လို့ ပြောလိုက်မိပါတယ်။ သူကလည်း နင်အဲ့လိုအစပြန်ဖော်မယ်မှန်းသိရင် နင့်အကူ အညီတွေ မယူခဲ့ပါဘူးလို့ ပြန်ပြောတယ်။ ပြီးတော့ သူစိတ်ဆိုးပြီး အခန်းပြောင်းသွားပါတယ်။ ညီမကိုလည်း မခေါ်မပြောတော့ပါဘူး။ ညီမကလည်း ဝမ်းနည်းစိတ်မကောင်းပေမဲ့ ညီမမမှားဘူးထင်လို့ ဒီအတိုင်းပဲ နေပါတယ်။

အခု ကိုဗစ်ကြောင့် သူအလုပ်ပြုတ်သွားတယ်လို့ သိရပါတယ်။ အိမ်လည်း မပြန်ပါဘူး။ အဆောင်မှာပဲနေနေပါတယ်။ ညီမကို တွေ့ရင် လှမ်းလှမ်းကြည့်တယ်။ ပြန်ခေါ်ချင်နေတဲ့ပုံပါ။ သူအဆင်ပြေတဲ့ အချိန် ညီမအပေါ် ဘယ်လို တုံ့ပြန်ခဲ့ လဲဆိုတာ ကြုံပြီးပြီမို့ ညီမက ပြန်ခေါ်ရမှာလည်း တွန့်နေပါတယ်။ ကူညီခဲ့ တုန်းက ကိုယ့်စေတနာနဲ့ကိုယ် ကူညီ ခဲ့တာဆိုပေမဲ့ ပြန်မသိတတ်ရင်တောင် သူတုံ့ပြန်ခဲ့တဲ့ပုံစံမျိုးတော့ မကြိုက် တာအမှန်ပါပဲ။ ညီမမှားနေလား။ ပြန် ခေါ်ကြရင်ကော ညီမတို့က သူငယ်ချင်းကောင်းတွေ ဆက်ဖြစ်နိုင်ကြသေး လား။ သူကကော ပြန်လက်ခံသင့်တဲ့ သူငယ်ချင်းမျိုးလား။

အဆင်ပြေရင် ညီမကို အကြံဉာဏ်လေးတွေပေးကြပါဦး။

စာချစ်သူတို့လည်း ရင်ဖွင့်ချင်တာလေးတွေရှိရင် “မိန်းမသားတို့ရင်ဖွင့်သံကဏ္ဍ” ကို လိပ်မူပြီး မက် ဆေ့ခ်ျကနေ ရေးသားပေးပို့နိုင်ပါတယ်ရှင်။