အားလုံးလွန်ကုန်တိုင်း ရှေ့ဆက်တိုးရမှာလား။ ရပ်လိုက်ရမလား။

blank

ကျွန်မမှာလက်ထပ်ဖို့အတွက် ပြင်ဆင်ထားပြီးသား ချစ်သူရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် တွဲ လာတာလည်း ကြာပြီ။ နှစ်ဖက်မိဘလည်း သိတယ်။ လက်ထပ်ဖို့လည်း ရည်ရွယ်ထားပြီးသားဆိုတော့ ခရီးတွေ လည်း အတူတူထွက်ဖူးပါတယ်။ အခုလက်ထပ်ခါနီး ၇ လလောက်အလိုမှာက သူ့ဘက်က ပြောင်းလဲသွားပါ တယ်။ သူအချစ်သစ်တွေ့နေပြီလို့ ပြောတယ်။

ဟိုဘက်ကလည်း သူ့မှာ ကျွန်မရှိမှန်းသိရက်နဲ့ လက်ခံတာလို့ ပြောပါတယ်။ သူက ကျွန်မကို ဖုံးကွယ်မထားဘဲ ဖွင့်ပြောပါတယ်။ ကျွန်မသဘောထားကို မေးတာပါ။ ကျွန်မနဲ့ နှစ်တွေအကြာကြီးလည်း တွဲခဲ့ပြီ၊ လူသိရှင်ကြားလည်းဖြစ်ပြီးပြီ၊ ချစ်သူအဆင့်ကနေလည်း ကျော်ခဲ့ပြီးပြီမို့ အဲ့ဒါ တွေကို ထောက်ထားတဲ့အနေနဲ့ သူက ကျွန်မဆန္ဒကို အရင်ဦးစားပေးမေးတာပါတဲ့။ ကျွန်မ သူ့ကို လက်ထပ် မယ်ဆိုရင် သူလက်ထပ်မယ်။ ဒါပေမဲ့ ဟိုကောင်မလေးနဲ့တော့ ပြတ်ဖို့မရှိဘူးလို့ ပြောပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဟိုကောင်မလေးနဲ့သူက အခုမှ အချစ်စစ်ကို တကယ်တွေ့ခဲ့ကြတာကြောင့်ပါလို့ ပြောပါတယ်။ ကောင် မလေးကိုလည်း အဲ့ဒီလိုပြောထားတယ်လို့ ပြောပါတယ်။ သူပြောပုံ ကျွန်မက ယူမယ်ဆိုလို့သာ ယူရမှာ။ သူ့နှလုံးသားနဲ့ သူ့အချစ်က ဟိုကောင်မလေးဆီကျန်ခဲ့မှာဆိုတဲ့သဘောပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

သူတို့ဇာတ်လမ်းမှာ ကျွန်မက လူကြမ်းပေါ့။ ကျွန်မလေ အံ့လည်းသြ၊ ဒေါသလည်း ထွက်ပါတယ်။ ကျွန်မသဘောအတိုင်းဆို အဲ့ဒီနေရာမှာပဲ သူ့ကို ပါးရိုက်ပြီး ဇာတ်လမ်းဖြတ်ခဲ့တော့မှာပါ။ ဒါပေမဲ့ နှစ်ဖက်မိသားစုလည်း သိပြီးပြီ။ အားလုံးလည်း ပြင်ဆင် ထားပြီးပြီ။ ကျွန်မမိဘတွေကလည်း ပတ်ဝန်းကျင်အလယ်မှာ လူရိုသေရှင်ရိုသေ နာမည်ပျက်မရှိနေခဲ့ကြတာ ဆိုတော့ ကျွန်မသာ အဲ့ဒီလိုဖြစ်သွားရင် လူတွေက ဝိုင်းပြောကြတော့မှာပါ။ ကျွန်မသူငယ်ချင်းတွေကလည်း “လမ်းခွဲမပေးနဲ့။ နင်က နစ်နာပြီးပြီ။ ယူပြီးရင် သူ့ဘာသာငြိမ်သွားလိမ့်မယ်” လို့ ပြောပါတယ်။

ကျွန်မဘာဆက်လုပ်ရမလဲ။ တွဲခဲ့သမျှ နစ်နာလက်စနဲ့ပဲ လက်မထပ်ဘဲ နေလိုက်ရတော့မလား။ မထူးဇာတ်ခင်း ပြီး သူ့ကိုပဲ ဇွတ်တိုးယူလိုက်ရမလား။ လူလည်း ရူးချင်နေပါပြီ။ ဘာလုပ်ရမလဲ ပြောပေးကြပါဦး။