သားသမီးတွေ လုံခြုံတဲ့ မျိုးဆက်ပွား ကျန်းမာရေးအသိပညာရရှိဖို့ မိဘတွေရဲ့ အခန်းကဏ္ဍ

blank

ဘယ်အင်္ဂါအစိတ်အပိုင်းလေးတွေဟာ ထိကိုင်လို့ရတယ်။ မရဘူးကအစ လုံခြုံဘေးကင်းတဲ့ လိင်မှုကိစ္စတွေဖြစ်ဖို့အထိ အဆင့်ဆင့်ပါဝင်တဲ့ မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေ သင်ယူခြင်းခရီးစဉ်မှာ မိဘတစ်ယောက်အနေနဲ့ ဘယ်နေရာအထိ ပါဝင်သင့်တယ်လို့ ထင်လဲ။

မိဘအများစုကတော့ အဲ့ဒီလိုကိစ္စတွေကို သင်ထားပေးတာက ရှက်စရာတွေလို့ ထင်နေတတ်ကြသလို ကျောင်းနေတဲ့အရွယ်ရောက်လာပြန်တော့လည်း ကျောင်းကသင်ပေးလိမ့်မယ်ဆိုပြီး တွေးကြပြန်ရော။ တကယ်တော့ သားသမီးတွေအနေနဲ့ လုံခြုံဘေးကင်းပြီးမှန်ကန်တဲ့ မျိုးဆက်ပွားကျန်းမာရေးအသိပညာတွေရရှိဖို့အတွက် မိဘတွေရဲ့ အခန်းကဏ္ဍက ထိပ်ဆုံးမှာရှိပါတယ်။ သားသမီးတွေရဲ့ လက်ဦးဆရာက မိဘတွေပဲ မဟုတ်လား။

မိဘတွေအနေနဲ့ မျိုးဆက်ပွားကျန်းမာရေးကို သင်ကြားပေးတာက ရှက်စရာလို့ ထင်နေမယ်ဆိုရင် သားသမီးတွေရဲ့ စူးစမ်းလေ့လာလိုစိတ်က သင့်ရှက်စိတ်ကို အနိုင်ယူသွားတဲ့အခါ၊ နောက်မှပြောပြတော့မယ်လို့တွေးထားတဲ့စိတ်ကို သားသမီးတွေရဲ့လက်တွေ့စမ်းသပ်ချင်စိတ်တွေက အနိုင်ယူသွားတဲ့အခါ အရာရာက နောက်ကျသွားပါလိမ့်မယ်။

ဒါ့ကြောင့် သားသမီးတွေကို မျိုးဆက်ပွားကျန်းမာရေးဘယ်အချိန်မှာ စပေးရမလဲလို့ပြောရင် အခုအချိန်ကစပြီးပေးသင့်နေပြီလို့ပြောရမှာပါ။ သင့်ကလေးရဲ့အသက်အရွယ်အပေါ်မူတည်ပြီး တစ်နေ့ချင်းနည်းနည်းစီ နားဝင်အောင် ပြောပြသွားမှသာ သင့်ကလေးရဲ့ မျိုးဆက်ပွားကျန်းမာရေး ဖြစ်စဉ်မှာ သင်ကဘေးနားက အမြဲတမ်းပါနေမှာဖြစ်ပါတယ်။

သင်ကော… အဲ့ဒီဖြစ်စဉ်မှာပါဝင်ဖို့အဆင်သင့်ဖြစ်နေပြီလား။