အိမ်ထောင်တစ်ခုမှာ မိန်းမကပဲ စိတ်ရှည်သည်းခံဖို့ အရေးကြီးတာလား။

blank

ကျွန်မနဲ့ ကျွန်မအမျိုးသားက ရွယ်တူသူငယ်ချင်း အဆင့်ကနေ လက်ထပ်ခဲ့တာပါ။ အိမ်ထောင်ရေးအစမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာ သူနဲ့ကျွန်မ ခဏခဏရန်ဖြစ်ရပါတယ်။ သူက သူငယ်ချင်းတွေနဲ့ အတူတူသောက်စားပြီးရင် အမျိုးမျိုးရစ်ပါတယ်။ သူနဲ့ပေါင်းနေတဲ့သူငယ်ချင်းတွေကလည်း ကျွန်မနဲ့ကျောင်းတက်တုန်းက တစ်ဖွဲ့တည်းဆိုတော့  ကျွန်မတားရလည်း ခက်ပါတယ်။ သူရစ်တာကို ကျွန်မက ပြန်ပြောမိရင် သူကလက်ပါတတ်ပါတယ်။ အိမ်ခွဲနေကြတော့ ဆိုဆုံးမပြီး စေ့စပ်ညှိနှိုင်းပေးမယ့် လူကြီးလည်းမရှိတော့ ကြောင်နဲ့ကြွက်လို အမြဲမြဲတကျက်ကျက်ဖြစ်နေပါတယ်။

အမှန်အတိုင်းပြောရရင် ကျွန်မကလည်း သိမ်မွေ့နူးညံ့နေတဲ့ အမျိုးသမီးထဲမှာ မပါပါဘူး။ ပိုက်ဆံအသုံးကြမ်းသလို၊ ဂိမ်းလည်းအရမ်းဆော့ခဲ့ပါတယ်။ သူနဲ့အဲ့ဒီလို ရန်ဖြစ်တာများလာတော့ စဉ်းစားမိတယ်။ “ငါမှားတာတွေလည်း ရှိနေလား”ပေါ့။ အဲ့ဒါနဲ့ ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲလိုက်ပါတယ်။ အိမ်အလုပ်တွေကို ထောင့်စေ့အောင်လုပ်ပြီးမှ ဂိမ်းဆော့တယ်၊ ငွေတွေကိုလည်း တိုင်းထွာပြီးမှသုံးတယ်၊ သူနဲ့တိုင်ပင်ပြီးမှ သုံးတယ်။ ချစ်လို့ယူခဲ့ကြပြီးမှ သူနဲ့အမြဲမြဲတကျက်ကျက်ဖြစ်နေတာကို မကြိုက်သလို၊ အိမ်ပူနေတာကိုလည်း မနှစ်မြို့ဘူးလေ။ သူ့ကိုချစ်တာလည်း ပါတာပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒါကိုသူက ဘာပြောလဲဆိုတော့ ကျွန်မက သူလက်ပါမှ၊ သူရိုက်နှက်ဆုံးမလိုက်မှ ပြောင်းလဲသွားတယ်။ လိမ္မာသွားတယ်ပေါ့။ သူမမူးတဲ့အချိန်မှာ ကျွန်မသူ့ကို အေးအေးဆေးဆေးရှင်းပြဖြစ်တယ်။ ဒီအတိုင်းဆက်သွားရင် သားသမီးတွေရလာရင် ကလေးတွေရှေ့မှာရန်ဖြစ်တာတွေက ကလေးတွေကိုလည်း ဒဏ်ရာဒဏ်ချက်တွေဖြစ်မယ်၊ အမြဲပြဿနာဖြစ်နေတော့ နှစ်ယောက်လုံး စိတ်ဆင်းရဲရတယ်ဆိုတာကိုပေါ့။ သူကပြောတုန်းခဏပါပဲ။ ပြီးရင် သူငယ်ချင်းတွေနဲ့ သောက်စားပျော်ပါးဆဲ။ ကျွန်မကိုပြဿနာရှာဆဲပါပဲ။

ကြာလာတော့ ကျွန်မစိတ်ကုန်လာတယ်။ သူနဲ့ရန်လည်းမဖြစ်ချင်တော့သလို ညှိလည်းမညှိနှိုင်းချင်တော့ဘူး။ သူငယ်ချင်းတွေနဲ့ မိဘတွေကတော့သူ့ကို နားချကြည့်ပါဦးတဲ့။ သူတို့ပြောသလို “အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက်က စိတ်ရှည်သည်းခံဖို့ အရေးကြီးတယ်” ဆိုတာ မှန်တာလား။ ယောက်ျားကကော ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပြောင်းလဲဖို့ မလိုဘူးလား။