တစ်ခါတစ်ရံမှာ မတော်တဆဖြစ်ပေါ်လာရတဲ့ အမှတ်တရလေးတွေက ကြည်နူးခြင်းတွေဆီကို ဦးတည်နေတတ်တယ်။

blank

ဒီနေ့က ကျွန်တော့် ဇနီးသည်ရဲ့ မွေးနေ့။ အရင်နှစ်မွေးနေ့တွေတုန်းကလည်း  အထိမ်းအမှတ်အဖြစ် ကျွန်တော်သူ့ကို ဘာမှသိပ်ပြီး မလုပ်ပေးဖြစ်ခဲ့ဘူး။ သူကတော့ ပြောပါတယ်။ သူ့သူငယ်ချင်းရဲ့ အမျိုးသားတွေဆို ဘယ်လို Surprise လုပ်တာ ဘာညာပေါ့။ ဒါနဲ့ ကျွန်တော်လည်း ‘မွေးနေ့ လက်ဆောင်တွေဘာတွေ ပေးနေဖို့လိုသေးလို့လား မင်းသုံးမယ့်ပိုက်ဆံ အိမ်သုံးစရိတ်တွေကော ငါပေးနေတာပဲလေ။’ လို့ ပြောမိလိုက်တယ်။ သူကလည်း ပြန်ပြောပါတယ်။ ဒါတွေက မဖြစ်မနေ ပေးရမယ့်အရာတွေဆိုပြီးတော့ပေါ့။ ပြီးတော့‘ဘာပဲဖြစ်ဖြစ် မိန်းမရဲ့ မွေးနေ့မှာ အံအားသင့်အောင်လုပ်ပေးသင့်တယ် မဟုတ်လား’ လို့ သူကပြောသေးတယ်။ ကျွန်တော်နဲ့ သူ အချင်းများပြီး စိတ်ပေါက်ပေါက်နဲ့ ကျွန်တော်အိမ်ပေါ်ကဆင်းလာလိုက်တယ်။

သွားစရာနေရာ စဉ်းစားလို့မရတာကြောင့် ကျွန်တော် ငယ်ငယ်ကတည်းက အရမ်းရင်းနှီးတဲ့ သူငယ်ချင်း ဇော်ကြီးဆီပဲ သွားလိုက်တယ်။ ဇော်ကြီးကို ဖုန်းဆက်လိုက်တော့ သူအိမ်မှာမရှိဘူး ဈေးဝယ်ထွက်နေတယ်တဲ့။ အဲ့ဒါနဲ့ ကျွန်တော်လည်း သူဈေးဝယ်နေတဲ့ ဈေးဝယ်စင်တာကို လိုက်သွားလိုက်တယ်။

ဈေးဝယ်စင်တာမှာ ဇော်ကြီးဝယ်နေတဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူ့အတွက် ဝယ်နေတာ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော် သဘောပေါက်လိုက်တယ်။ သူဝယ်ထားတာတွေက ပန်းစည်းနဲ့ ပို့စ်ကတ်တွေ၊ ပြီးတော့ ဝက်ဝံရုပ်အကြီးကြီးတစ်ရုပ်လည်း ပါသေးတယ်။ ဇော်ကြီးတစ်ယောက် ကလေးကလားဆန်တဲ့ ဒီပစ္စည်းတွေကို ဝယ်ပြီး ဘာလုပ်မလို့လဲလို့ ကျွန်တော်တွေးနေမိတယ်။ ဇော်ကြီးကို ဘာလုပ်ဖို့လဲလို့ မေးမိတော့ သူ့မိန်းမကို Surprise လုပ်မလို့တဲ့။ ဒီနေ့က သူ့မိန်းမ မွေးနေ့ဆိုပဲ။ မိန်းမ မွေးနေ့ကို လက်ဆောင်မပေးချင်လို့ အိမ်က ထွက်လာတဲ့ကျွန်တော်နဲ့ မိန်းမမွေးနေ့မှာ Surprise လုပ်ဖို့ ပစ္စည်းတွေ ဝယ်နေတဲ့ ဇော်ကြီး။ ဟုတ်ကို ဟုတ်နေတာပဲ။ ကျွန်တော် မနေနိုင်တာနဲ့ သူ့ကို မေးခွန်းထုတ်လိုက်တယ်။ ‘ဟေ့ကောင် ဇော်ကြီး မင်းမိန်းမကို Surprise လုပ်ဖို့ အဲ့ဒီလောက်တောင် အလုပ်ရှုပ်ဖို့လိုသလား ပိုက်ဆံကလည်း ကုန်သေး’ ဆိုတော့ ဇော်ကြီးက ကျွန်တော့်ကို အံ့အားသင့်တဲ့ ပုံနဲ့ ကြည့်တယ်။

“ပိုက်ဆံ ကုန်တာတော့ ကုန်တာပေါ့ကွာ ဒါပေမဲ့ ငါသူ့ကို ပျော်ရွှင်စေချင်တယ်လေ သူငါနဲ့ ယူပြီးကတည်းက မီးဖိုချောင်မှာပဲ ထမင်း၊ဟင်းချက်ရင်း အချိန်ကုန်ခဲ့ရတာ မဟုတ်လား။ ဒီလိုနေ့လေးမှာတော့ ငါသူ့ကို ကြည်နူးသွားစေချင်တယ်။”

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“ဒါပေမဲ့ အိမ်သုံးစရိတ်တွေနဲ့ သူအပိုအလိုသုံးဖို့ ပိုက်ဆံတွေကို မင်းပေးတယ်မဟုတ်လား။ ဒါတွေက အပိုတွေပါကွာ ပိုက်ဆံကလည်း ကုန်သေးတယ်။”

“အိမ်သုံးစရိတ်တွေ ပေးတာပေါ့ကွ။ ဒါပေမဲ့ အဲ့ဒါတွေက အိမ်ထောင်ရှင်ယောက်ျားတစ်ယောက်ရဲ့ မဖြစ်မနေလုပ်သင့်လုပ်အပ်တဲ့ တာဝန်ပဲလေ။ ပြီးတော့ အဲ့ဒီအရာတွေက ဖြစ်ရိုးဖြစ်စဉ်ကိစ္စဆိုတော့ ပျော်ရွှင်မှုကို မဆောင်ကျဉ်းပေးဘူး။ အခုလို Surprise လုပ်တာကျ အလွန်ဆုံးကုန်လည်း လေး၊ငါးသောင်းပေါ့ကွာ။ ဒါပေမဲ့ သူ့ကို ပျော်သွားစေသလို ငါတို့နှစ်ယောက်ကြားမှာလည်း အမှတ်တရလေး ဖြစ်သွားတာပေါ့။ ပြီးတော့ သူပျော်ရင် ငါလည်း ပျော်တယ်။ ငါက သူ့ကိုအရမ်းချစ်တာလေ။ တစ်ယောက်ကိုတစ်ယောက် အပျော်တွေ ကူးစက်စေရင်း အချစ်တွေ ပိုတိုးရတာပေါ့။”

ဇော်ကြီးပြောတဲ့စကားကိုကြားပြီး ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်အဖြစ်ကို ပြန်မြင်ယောင်နေမိတယ်။ ကျွန်တော့် ဇနီးသည်လည်း ဇော်ကြီးမိန်းမလိုပဲ ကျွန်တော်နဲ့ ယူပြီးကတည်းက မီးဖိုချောင်ကိစ္စတွေ၊ အိမ်အလုပ်တွေနဲ့ပဲ နပန်းလုံးနေရတာတွေကို ကျွန်တော် မမြင်ခဲ့မိဘူး။ အိမ်သုံးစရိတ်ပေးရင် သူ့အတွက် သူသုံးဖို့ ပိုက်ဆံလုံလုံလောက်လောက်ပေးရင် အဆင်ပြေနေပြီ။ ကျန်တာဘာမှမလိုဘူးလို့ ကျွန်တော်ထင်မှတ်ခဲ့တာပဲ။ ဇော်ကြီးကို နှုတ်ဆက်ပြီး ကျွန်တော်အိမ်ကို ပြန်ပြေးလာခဲ့တယ်။ လမ်းမှာ ပန်းစည်းအကြီးကြီး တစ်စည်းလောက်ဝယ်မယ်ဆိုပြီး ပန်းဆိုင်ကိုဝင်တယ်။ ပန်းဆိုင်က ကောင်မလေးက ဘာအတွက်လဲတဲ့။ ကျွန်တော်သူ့ကို ဒီနေ့လေးမှာ ပျော်စေချင်တယ်။ ‘ဇနီးသည် မွေးနေ့အတွက်ပါ။ ကျွန်တော်သူ့ကို ပျော်ရွှင်စေချင်တယ်။’ လို့ ပြောလိုက်တော့ ဝန်ထမ်းကောင်မလေး တစ်ချက်ပြုံးပြီး အဝါရောင်နေကြာပွင့်တွေကို သေသေသပ်သပ် လှလှပပ စည်းထားတဲ့ ပန်းစည်းတစ်စည်းကို လှမ်းပေးလိုက်တယ်။ မှတ်မှတ်ရရ နေကြာပွင့်က (၁ဝ) ပွင့်။ ကျွန်တော်ပိုက်ဆံ မြန်မြန်ရှင်းပြီး အိမ်ကို ပြန်လာလိုက်တယ်။

အိမ်ကထွက်သွားတုန်းက စိတ်ပေါက်ပေါက်နဲ့ ထွက်သွားခဲ့တော့ အိမ်သော့က ပါမလာဘူး။ ဒါနဲ့ တံခါးလာဖွင့်ပေးဖို့ သူ့ကို ဘဲလ်တီးပြီးခေါ်ရတော့တာပေါ့။ တံခါးလာဖွင့်တဲ့သူနဲ့ အဝါရောင်ပန်းစည်းတွေကို လက်ထဲမှာ ကိုင်ထားတဲ့ကျွန်တော်။ သူက ကျွန်တော့်ကို ကြောင်ငေးပြီး ကြည့်နေတုန်းမှာ ‘ဟက်ပီဘတ်ဒ်ဒေး ချစ်’ လို့ ကျွန်တော့် ပါးစပ်က တိုးတိုးလေးထွက်သွားတယ်။ သူ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာသွားပြီး ကျွန်တော့်လက်ထဲက ပန်းစည်းကို လှမ်းယူလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို မေးသေးတာ။ ‘ဒီလို Surprise လုပ်ချင်လို့ မနက်က စိတ်ဆိုးအောင် လုပ်သွားတာလားတဲ့။’

ဇော်ကြီး ပြောသလို သူ့အပျော်တွေက ကျွန်တော့်ဆီ အမှန်တကယ်ပဲ ကူးစက်လာတယ်။ ခုမှပဲ ကျွန်တော် စိတ်လက်ပေါ့ပါးသွားသလို ခံစားရတယ်။ သူကျွန်တော့်ကို မကျေမနပ်တွေ ဖြစ်နေတုန်းက ကျွန်တော့် နေရထိုင်ရခက်ပြီး တစ်ကိုယ်လုံး လေးပင်လာသလို ခံစားရတာကြောင့် အိမ်ကထွက်လာတာ။ ဒါဟာ တကယ်တော့ အချစ်ပဲ။ ကျွန်တော် သူ့ကိုချစ်တဲ့အချစ်။ အခုတော့ ကျွန်တော်နားလည်သွားပါပြီ။ သူ့ပျော်ရွှင်မှုက ကျွန်တော့် ပျော်ရွှင်မှုဆိုတာ။

ပြီးတော့ မတော်တဆ ဖြစ်ပေါ်သွားရတဲ့ ဒီအမှတ်တရအဖြစ်အပျက်ကိုလည်း ကျွန်တော့်တစ်သက် မေ့နိုင်တော့မယ် မထင်ဘူး။