သမီးလေးကို တကယ်လိုအပ်မှ ကူညီပေးတဲ့သူတစ်ယောက်ဖြစ်စေချင်တယ်။

blank

မေမေ့သမီးလေးက ကူညီတတ်တယ်။ အားပေးတတ်တယ်။ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေအတွက်ဆို အမြဲတမ်းအဆင်သင့်ဖြစ်နေတတ်တယ်။ သမီးလေးရဲ့ စွန့်လွှတ်အနစ်နာခံတတ်တဲ့စိတ်၊ စာနာရိုင်းပင်းတတ်တဲ့ စိတ်ဓာတ်လေးက သိပ်ကိုချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ သမီးသိလား သမီးရဲ့ ကူညီတတ်တဲ့ စိတ်လေးဟာလေ တဖြည်းဖြည်းနဲ့ တချို့လူတွေအတွက် နင်းကွက်တစ်ခုဖြစ်လာတယ်။

လူတွေက ကူညီတတ်လွန်းတာသိလာတော့ ခိုင်းတတ်လာတယ်။

အားပေးတတ်မှန်းသိလာတော့ အနိုင်ကျင့်ချင်လာတယ်။

ရိုင်းပင်းတတ်မှန်းလာတော့ အခွင့်ကောင်းယူလာတယ်။

အားနာတတ်လွန်းတဲ့ သမီးလေးဟာ သူတို့ရဲ့ ခိုင်းဖက်ကြီးကို ဖြစ်မှန်းမသိဖြစ်လာတော့တယ်။

ကျောင်းတုန်းက သူငယ်ချင်းကို စာရှင်းပြရင်း သမီးရဲ့ ကိုယ်ပိုင်စာကြည့်ချိန်တွေ လျော့ခဲ့တယ်။ ကျောင်းပွဲမှာ သူများကို အလှပြင်ပေးနေတဲ့ သမီးဟာ အချိန်မလောက်တော့လို့ ဘိုသီဘတ်သီနဲ့ ပွဲတက်ခဲ့ရတယ်။ ကူညီတတ်တာကကောင်းပေမယ့်လည်း တစ်ခုခုဆို သူ့ကိုပြောလိုက် လုပ်ပေးလိမ့်မယ်ဆိုပြီး အပိုင်အတွက်ခံရတာကလည်း မကောင်းဘူးမဟုတ်လားသမီး။

ဒါ့ကြောင့်မေမေပြောချင်တာက ကိုယ်ကိုယ်တိုင်အတွက်လည်း ကြည့်ပါ။ ကိုယ့်တန်ဖိုးလျော့နည်းသွားအောင်၊ အပိုင်အတွက်ခံရလောက်အောင်အထိလည်း မကူညီပါနဲ့သမီး။ သမီးလေးနေရာတကာကူညီလိုက်ခြင်းဟာ သမီးလေးဘေးနားကလူတွေရဲ့ အစွမ်းအစတွေကိုလည်း လျော့နည်းသွားစေတယ်ဆိုတာကို မှတ်ထားလိုက်ပါနော်။

သမီးရဲ့ မေမေ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။