ခင်ပွန်းထက်ပိုပြီး အောင်မြင်နေတာ ဇနီးသည်ရဲ့ အပြစ်လား။

blank

ကျွန်မအမျိုးသားနဲ့ကျွန်မအိမ်ထောင်ကျခဲ့တာ ခြောက်နှစ်ကျော်ရှိနေပြီ။ ကျွန်မတို့ နှစ်ယောက်ဟာ သုညဘဝကနေ အတူတူ စတင်ခဲ့တာပါ။ သူကလည်း သူဝါသနာပါရာကို ပုံဖော်၊ ကျွန်မကလည်း ကျွန်မဝါသနာပါတဲ့ ဒီဇိုင်းလောကထဲကို တစိုက်မတ်မတ်လျှောက်လှမ်းခဲ့ပါတယ်။ ကြိုးစားမှုတွေရဲ့ ရလဒ်ကြောင့် လေးနှစ်လောက်အကြာမှာ ဒီဇိုင်းလောကမှာ နေရာလေးတစ်နေရာ ရလာခဲ့ပါတယ်။

ကျွန်မရဲ့လုပ်ငန်းကို တဖြည်းဖြည်းချဲ့ထွင်ခဲ့သလို သင်တန်းကျောင်းတွေလည်း ဖွင့်ခဲ့တယ်။ တပည့်တပန်းတွေများလာခဲ့တယ်။ အဲ့ဒါဟာ ကျွန်မရဲ့ အိမ်ထောင်ရေးမှာ အတားအဆီးတစ်ခုဖြစ်လာလိမ့်မယ်လို့ ကျွန်မဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ ပြဿနာက ကျွန်မခင်ပွန်းဟာ သူ့ကိုယ်သူကျွန်မလို မအောင်မြင်ဘူးဆိုတဲ့ စကားနဲ့ ခဏခဏထိုးနှက်လာပါတယ်။ အရင်ကလည်း စကားငြင်းခုံနေကျပေမယ့် “ငါ့ထက်ဝင်ငွေကောင်းလာလို့ အဲ့ဒီလိုပြောပြီပေါ့” ဆိုပြီးပြောပါတယ်။ ကျွန်မလည်း သူ့အဲ့ဒီလိုပြောရင် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မအမြင်မှာတော့ သူလည်း သူ့နေရာမှာ အထိုက်အလျောက်အောင်မြင်နေတာပဲ မဟုတ်လား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မင်္ဂင်္လာဆောင်တွေ၊ အလှူတွေဖိတ်ကြရင် ကျွန်မကိုပဲ သိကြတဲ့သူတွေက ဒေါ်သဇင်နှင့် ခင်ပွန်းလို့ ဖိတ်ကြတယ်။ သူ့ကိုဖိတ်တဲ့ ဖိတ်စာတွေထဲမှာ ဦးမျိုးသက်နှင့် ဇနီးဆိုတဲ့ အရာက ကျွန်မကို ဘာမှမဖြစ်စေခဲ့ပေမယ့် သူကတော့ ကျွန်မနောက်မှာ နှင့်ခင်ပွန်းလို့ ပါလာရရင် မကျေမချမ်းဖြစ်နေခဲ့တယ်။ ကျွန်မအတွက်တော့ အချစ်နဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာ သာတာတွေ၊ နာတာတွေ၊ အောင်မြင်မှုတွေ ကျရှုံးမှုတွေ မလိုအပ်ဘူးလို့ ထင်မိတာပဲ။

သူ့ရှေ့မှာ အလုပ်ရဲ့ အောင်မြင်မှုတွေအကြောင်း အဆင်ပြေနေတဲ့ အကြောင်းတွေကို မပြောရဲတော့ဘူး။ အမှားပါမှာစိုးလို့  စကားပြောရင်သတိထားနေရတယ်။ သူ့ကိုအရင်ကလည်း လေးစားပေမယ့် အဲ့ဒီလေးစားမှုကို သူမြင်အောင်အမြဲထုတ်ဖော်ပြသနေရတယ်။ ကြာလာတော့ ကျွန်မပင်ပန်းနွမ်းလျလာတယ်။

ကျွန်မရဲ့ အိမ်ထောင်ရေးမှာ ဘာတွေမှားနေတာလဲ။ ကျွန်မလား။ သူလား။