ရိုးသားမှုဆိုတာ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ ခြုံလွှာတစ်ခုဆိုတာကို သမီးလေးကို သိစေချင်တယ်။

blank

သမီးလေးရေ….။

အခုဆိုရှယ်မီဒီယာပေါ်မှာ နာမည်သိပ်ကြီးနေတဲ့ အနုပညာရှင်တစ်ယောက်ကို သမီးလေး သတိထားမိတယ်မဟုတ်လား။ အချိန်ကာလအနည်းငယ်အတွင်းမှာ ပရိသတ်တွေရင်ထဲ နေရာရလာသူလေးကို မေမေသတိထားမိတာကြာပြီ။ အစက သူ့ကို မကောင်းပြောဝေဖန်သူတွေတောင် သူရဲ့လုပ်ရပ်လေးတွေကို ကြည့်ရင်းကြည့်ရင်း သူ့ကို သဘောမကျဘဲ မနေနိုင်တာ ဘာကြောင့်လဲဆိုတာကို မေမေတော့ ဒီလိုလေး သုံးသပ်မိတယ်။

  • သူဟာ သူ့လျှောက်လှမ်းတဲ့ လမ်းကို တစိုက်မတ်မတ်လျှောက်လှမ်းတယ်။ ဘယ်သူတွေက မကောင်းပြောပြီး ဝေဖန်နေပါစေ။ သူလျှောက်လှမ်းနေတဲ့လမ်းကို သူယုံကြည်တဲ့အတွက် အဲ့ဒီလမ်းကိုမမှိတ်မသုန်ကြည့်ပြီး လျှောက်လှမ်းတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

  • သူ့ကိုယ်သူကော၊ အခြားလူတွေအပေါ်မှာပါ ရိုးသားတယ်။ ပွင့်လင်းတယ်။ မရှိတဲ့အရာတွေကို ဖန်တီးပြီးလုပ်ထားတာ၊ ဟန်ဆောင်ဖုံးကွယ်နေတာတွေမရှိဘူး။ သူ့ရဲ့ဘဝနေထိုင်မှုတွေကို အရှိအတိုင်းချပြတယ်။ ကဗျာဆန်ဆန်ပြောရရင်တော့ သူဝတ်ဆင်ထားတာက ရိုးသားမှုဆိုတဲ့ ခြုံလွှာလေးပဲပေါ့။
  • သူဟာ အောင်မြင်သွားပေမယ့် ဘဝမေ့မသွားသလို သူရှင်သန်ရာပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ကူညီမြှင့်တင်ပေးတယ်။ သူရရှိထားတဲ့ အောင်မြင်မှုအသီးအပွင့်ကို သူ့ရပ်ရွာအထိ ခံစားခွင့်ရနေတာဟာ သိပ်ကိုချစ်ခင်ဖို့ကောင်းတဲ့အချက်ပေါ့။

ဒါကြောင့် သမီးလေးအနေနဲ့ သိရမှာက ဖက်ရှင်ဆိုတာ အမြဲဆန်းသစ်နေမှာပါပဲ။ ဒါပေမဲ့ စစ်မှန်မှုဆိုတဲ့ ခြုံလွှာကို ဝတ်ဆင်ပါ။ သမီးကိုယ်သမီးချစ်ခင်ပါ။ သမီးရဲ့ ကိုယ်ပိုင်အလှနဲ့ လှနေပါလို့ မေမေကတော့ မှာချင်တယ်။

သမီးလေးရဲ့ မေမေ။