ခင်မင်မိတာကို တလွဲအသုံးချခံရတဲ့အခါ….

blank

ကျွန်မတို့ရုံးမှာ ကျွန်မထက် ရာထူးကြီးတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်။ ကျွန်မအလုပ်စဝင်ချိန် အလုပ်နဲ့ပတ်သက်တာတွေကို စေတနာအပြည့်နဲ့ သင်ပြပေးတာကြောင့် အစ်ကိုအရင်းတစ်ယောက်လို ခင်မင်မိပါတယ်။ အခုဆိုရင် သူ့ရဲ့အမျိုးသမီးနဲ့ သားသမီးတွေနဲ့လည်း မိသားစုလိုဖြစ်နေပါပြီ။ အလုပ်ထဲမှာ ကျွန်မကိုကူညီတဲ့သူ့ကို တုံ့ပြန်တဲ့အနေနဲ့ ရုံးအားတဲ့နေ့တွေမှာ သူတို့မိသားစုသွားချင်တာတွေကို ကျွန်မကားနဲ့ လိုက်ပို့ပေးဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး အဲ့ဒီအစ်ကို့က ပိုင်စိုးပိုင်နင်းနဲ့ ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာတွေ စွက်ဖက်လာတယ်။ ကျွန်မကိုချဉ်းကပ်လာတဲ့ အမျိုးသားတွေကို ပြဿနာလိုက်ရှာတာမျိုး၊ ကျွန်မရဲ့ယောက်ျားလေးသူငယ်ချင်းတွေကို ကျွန်မနဲ့ဘယ်လိုပတ်သက်တာလဲ ဘာညာနဲ့ မေးမြန်းတာမျိုးတွေ လုပ်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မလေ သူ့ကို ခင်ခင်မင်မင်ဆက်ဆံခဲ့တယ်ဆိုတာကလည်း လုပ်ဖော်ကိုင်ဖြစ်နေတာရယ်၊ အထက်လူကြီးဖြစ်နေတာရယ်ကြောင့်ပါ။ ရုံးပြင်ပမှာလည်း သူ့တစ်ယောက်တည်းနဲ့ ဘယ်တုန်းကမှမသွားလာဖူးပါဘူး။ သူ့ဖက်က အဲ့ဒီလိုအပြုအမူတွေကြောင့် အလုပ်ထက်ပိုတဲ့ ဆက်ဆံရေးတွေမှန်သမျှကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။ အရင်ကလို သူ့ကိုဟက်ဟက်ပက်ပက် စကားမပြောတော့ဘူး။

ပြဿနာက သူနဲ့ကျွန်မကို အမျိုးမျိုးဆက်ပြီး အနှောင့်အယှက်ပေးနေတာပါပဲ။ ကျွန်မကသူ့ကို စိတ်ကောက်နေလို့ လိုက်ချော့နေတဲ့ အချိုးမျိုးပေါ့။  ကြာလာတော့ နေရတာ စိတ်အနှောင့်အယှက်အရမ်းဖြစ်လာပါတယ်။ သူနဲ့မျက်နှာချင်းဆိုင် ချင်စိတ်လည်းမရှိဘူး။ သိပ်ကိုရွံမုန်းမိပါတယ်။ ဒါပေမဲ့ ကျွန်မချစ်တဲ့အလုပ်မှာ ပြဿနာဖြစ်မှာလည်း စိုးရိမ်မိတယ်။ သူ့ရဲ့အပြုအမူတွေကြောင့် စိတ်အနှောင့်အယှက်လည်းဖြစ်နေရတယ်။

ကျွန်မလိုအဖြစ်မျိုးကြုံတွေ့နေရတဲ့ မိန်းကလေးတွေ ဘယ်လောက်များရှိမလဲ။