ကျရှုံးခြင်း၊ အောင်မြင်ခြင်းကြောင့် မယိမ်းယိုင်တတ်တဲ့စိတ်ထားလေးကို မွေးမြူပါ။

blank

သမီးလေးရေ…။

သမီးလေးကို သူတစ်ပါးရဲ့ အပြစ်တင်ဝေဖန်မှုတွေကိုကြောက်လို့ မကောင်းမှုတွေကို ရှောင်ရှားတာမျိုး၊ သူတစ်ပါးရဲ့ ချီးကျူးမှုတွေကို ရချင်လို့ကောင်းတာတွေကို ရွေးလုပ်တတ်တဲ့သူမျိုး မဖြစ်စေချင်ဘူး။ မကောင်းမှုတွေကို ကိုယ်တိုင်ရဲ့အသိနဲ့ရှောင်ရှားတတ်သူ၊ ကောင်းမှုမှာ မွေ့လျော်တတ်သူတစ်ယောက်ပဲဖြစ်အောင်နေပါ သမီး။ တဖြည်းဖြည်းနဲ့ သမီးရဲ့ဘေးမှာ ကောင်းမြတ်မှုတွေ ဝန်းရံလာလိမ့်မယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သမီးလေးတစ်ခုခု အောင်မြင်သွားတဲ့အခါမှာလည်း လူတွေရဲ့ လက်ခုပ်သံတွေ၊ ချီးကျူးစကားတွေကို မျှော်လင့်မနေပါနဲ့။ သမီးရဲ့ အောင်မြင်မှုဟာ သမီးလေးရဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို တိုးပွားစေတယ်ဆိုရင်၊ အရှေ့ကိုဆက်ဖို့ အားတွေဖြစ်စေတယ်ဆိုရင်ပဲ လုံလောက်ပြီသမီး။ အောင်မြင်မှုမှာ မှိန်းနေပြီး ကျေနပ်နေရင် ရောက်တဲ့နေရာမှာတင် သမီးရပ်နေလိမ့်မယ်။ ဒီနေ့မှာ နေရာတစ်နေရာရောက်တယ်ဆိုရင် မနက်ဖြန်အတွက်လည်း ဆက်ရမယ့်ခရီးတွေရှိသေးတယ်လို့ နှလုံးမူပြီး အရှေ့ကိုဆက်ပါသမီး။

ကျရှုံးသွားခဲ့ရင်လည်း အဲ့ဒီလိုပါပဲ။ အခြားလူတွေရဲ့ ကဲ့ရဲ့သံတွေကြောင့် အားငယ်စိတ်ပျက်မနေပါနဲ့။ သူတို့ရဲ့ ကဲ့ရဲ့သံတွေဟာ သမီးရင်တွင်းက အားပေးသံတွေလောက် မကျယ်လောက်ပါစေနဲ့။ ဘာပဲဖြစ်လာဖြစ်လာ လုပ်စရာရှိတာကို ဆက်လုပ်ပါ။ သမီးအကြောင်းကို ဘယ်သူမှအကြာကြီးစိတ်ဝင်စားမနေဘူးဆိုတာကို မှတ်ထားလိုက်ပါနော်။

ကျရှုံးခြင်း၊ အောင်မြင်ခြင်းကြောင့် မယိမ်းယိုင်တတ်တဲ့ သမီးလေးဖြစ်ပါစေ။

သမီးလေးရဲ့မေမေ