ကိုယ့်ရှေ့မှာ မတရားတာမြင်ရင် ဝင်ပါမိတာ အပြစ်လား။

blank

ကျွန်မတို့လင်မယားအိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ခွဲနေခဲ့ကြတယ်။ တစ်ဝင်းထဲမှာ အိမ်သေးသေးလေးတွေ စုဆောက်ထားတဲ့ ခြံလေးထဲမှာပေါ့။ အိမ်ရှင်လင်မယားအပါအဝင် ကျွန်မလိုပဲ ငှားနေကြတဲ့ အိမ်ထောင်စုပေါင်း ခြောက်ခု၊ ခုနှစ်ခုလောက်ရှိတယ်။ ကျွန်မတို့ အိမ်ကလေးနဲ့ ကပ်ရပ်မှာ မောင်နှမနှစ်ယောက်နေတယ်။ မိဘတွေဆုံးသွားပြီး မောင်နှမနှစ်ယောက်တည်း နေကြတဲ့ သူတို့လေးတွေကို အသနားပိုပြီး ခင်မင်လာတာဟာ အခုဆို ကျွန်မနဲ့မိသားစုလိုဖြစ်နေပြီ။ အစ်ကိုဖြစ်သူဟာ အလုပ်ကပြန်လာပြီးရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်သွားတတ်တယ်။ တစ်ခါတလေဆိုရင် ညသန်းခေါင်အထိပေါ့။ အဲ့ဒီအခါမျိုးမှာ ကောင်မလေးကတစ်ယောက်တည်း ကျန်ရစ်ခဲ့တာ များတာပေါ့။

တစ်နေ့မှာ ကျွန်မအပေါ့အပါးသွားဖို့ဆိုပြီး အိပ်ရာကထလာခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်မရဲ့ဘေးအိမ် မောင်နှမနှစ်ယောက်ရဲ့ အိမ်လေးရှေ့မှာ လူတစ်ယောက်ရပ်နေပြီး ပါးစပ်ကနေ တစ်ခုခုရေရွတ်နေသံကို ကြားရတယ်။ အသံကတိုးလွန်းနေတော့ သေချာတော့ မကြားရပါဘူး။ ကျွန်မဖြင့် တစ္ဆေသရဲလို့တောင် ထင်မိသေးတယ်။ ကျွန်မက အိမ်မီးဖွင့်လိုက်တဲ့အခါမှာ အဲ့ဒီလူက အိမ်ရှင်တွေအိမ်ထဲကို ပြေးဝင်သွားတာ တွေ့လိုက်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မနက်ရောက်လို့ ကောင်မလေးကိုမေးကြည့်တဲ့အခါမှာ ကောင်မလေးက ရှိုက်ကြီးတငင်ငိုနေတယ်။ လွန်ခဲ့တဲ့ တစ်လလောက်က စပြီး အိမ်ရှင်ရဲ့တူလေးက အစ်ကို အိမ်မှာမရှိတဲ့ရက်တွေဆိုရင် အိမ်ရှေ့ကိုလာပြီး “ငါ့ကိုအထဲပေးဝင်စမ်း။ နင်နဲ့အိပ်ချင်လို့” လို့ပြောပြောနေတာတဲ့။ သူ့မှာကြောက်လွန်းလို့ တံခါးကို သေချာပိတ်ပြီး၊ တုတ်ကိုင်ထိုင်နေတယ်တဲ့။ အခြားလူကိုပြောပြရမှာလည်း ရှက်၊ သူ့အစ်ကိုကိုလည်း မပြောရဲနဲ့ ကြိတ်ပြီး ပူလောင်နေရတယ်တဲ့လေ။

ကျွန်မလည်း အဲ့ဒီအကြောင်းကို အိမ်ရှင်ဆီသွားပြီးတိုင်တယ်။ သူ့တူကလည်း ကျွန်မကိုယ်တိုင်မြင်တယ်ဆိုတာကိုတောင် ဗြောင်ငြင်းသလို အိမ်ရှင်လင်မယားကလည်း သူ့တူဘက်ကနေ ကာကွယ်ပေးတယ်လေ။ ကောင်မလေးကိုလည်း အနေအထိုင်မတတ်လို့၊ ဘာလို့ညာလို့ဆိုပြီး စွပ်စွဲသေးတယ်။ ကျွန်မကတော့ ဗိုက်ကြီးတကားကားနဲ့ ရန်ဖြစ်ရတာပေါ့။ ကိုယ်တိုင်မြင်တာကိုး။ ကျွန်မအမျိုးသားကတော့ ကျွန်မကိုမဆိုင်တာဝင်ပါလို့ဆိုပြီး ဆူတယ်။ ကျွန်မကတကယ်ပဲ မဆိုင်တာ ဝင်ပါတဲ့သူလား။