မချစ်တော့တာကို လက်ခံပါ။ ချစ်ခဲ့ဖူးတာတွေအတွက်လည်း နောင်တမရလိုက်ပါနဲ့။

စာချစ်သူတို့ရေ…

အမြဲတမ်းပြောင်းလဲနေတဲ့ ဒီကမ္ဘာကြီးမှာ လူတွေ၊ အခြေအနေအချိန်အခါတွေဆိုတာလည်း အမြဲတမ်း ပြောင်းလဲနေကြပါတယ်။  ကိုယ်ကတည်မြဲမယ်ထင်ထားတိုင်းလည်း မတည်မြဲပါဘူး။ အဲ့ဒီအရာတွေထဲမှာ ကိုယ် ချစ်တဲ့သူတွေဆီက အချစ်တွေ၊ ခင်မင်မှုတွေ၊ သံယောဇဉ်တွေလည်း ပါပါတယ်။ ပေါင်းသင်းဆက်ဆံရေးတစ်ခု ဟာ အကြောင်းတရားတစ်ခုခုကြောင့်ပြိုကွဲသွားတဲ့အခါ နာကျင်ရ၊ ဝမ်းနည်းရ၊ ယူကျုံးမရဖြစ်မှုတွေ ကျန်ရစ်ခဲ့ပါတယ်။

အဆိုးဆုံးကတော့ နောင်တပါပဲ။

အစကတည်းက သူနဲ့မပတ်သက်ခဲ့မိရင်၊ အစကတည်းက သံယောဇဉ်တွေမထားခဲ့မိရင်၊ အစကတည်း က သူ့အပေါ်မကောင်းခဲ့မိရင် ဆိုတာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတဲ့ခံစားချက်က အဆိုးဆုံးပါပဲ။ ဘဝ လမ်းကြောင်းချင်းမတူတော့ပေမဲ့ အဲ့ဒီခံစားချက်တွေကြောင့် ကိုယ့်မှာ တမြေ့မြေ့နဲ့ကျန်ရစ်ခဲ့ပါတယ်။ အဲ့ဒါတွေ ကြောင့်ပဲ နာကျင်မှုတွေဖြစ်ရတယ်။ နာကျည်းမှုတွေ ခံစားရတယ်။ မဖြေသာစိတ်တွေ ဖြစ်တည်ရပါတယ်။

တကယ်တော့… မချစ်တော့တာက ပြဿနာမဟုတ်ပါဘူး။ ချစ်ခဲ့၊ ခင်ခဲ့ချိန်တွေတုန်းကလည်း အ ကြောင်းပြချက်တွေနဲ့ ချစ်ခဲ့၊ ခင်ခဲ့ကြတာမှမဟုတ်တာ။ ဒါကြောင့် လမ်းကြောင်းချင်းမတူလို့၊ သဘောထားချင်း မတိုက်ဆိုင်တော့လို့ လမ်းခွဲကြချိန်မှာလည်း ဒါဟာ ဖြစ်ဖို့ဖန်လာလို့ဖြစ်ခဲ့ပြီဆိုတာ လက်ခံပေးနိုင်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့အချိန်တွေအတွက်လည်း နောင်တမရလိုက်ပါနဲ့။ အထူးသဖြင့် အဲ့ဒီအ ချိန်တွေတုန်းက သူတို့ကြောင့်ကိုယ်လည်းပျော်ခဲ့ဖူးတယ်ဆိုရင် ပြီးပြီးသားဆက်ဆံရေးတွေအတွက် ကျေနပ် စိတ်မွေးလိုက်ပါ။ ဘဝဆိုတာ တိုတိုလေးပါ။ ရေစက်ရှိချိန်မှာ တွေ့ကြဆုံကြတယ်။ ရေစက်ကုန်တော့ အကြောင်းရှာပြီး ကွဲကွာကြပါတယ်။ သူတို့အပြစ်မဟုတ်သလို၊ ကိုယ့်အပြစ်လည်း မဟုတ်ပါဘူး။

ဘဝမှာလမ်းချင်းမတူတော့လို့ ကိုယ့်လမ်းကိုယ်လျှောက်နေကြတာလို့ပဲသဘောထားလိုက်ပါ။

အနောက်တိုင်းဒဿနလေးတစ်ခုရှိပါတယ်။ ကိုယ့်ဘဝထဲကို အလဟဿရောက်လာတဲ့သူဆိုတာ မရှိပါဘူး။ တစ်ခုခုတော့ ကိုယ့်ကိုသင်ခန်းစာပေးဖို့ရောက်လာကြသူတွေချည်းပါပဲ။ ကိုယ်က ယူတတ်ဖို့သာ လိုတာပါ။

ဒါကြောင့်… မချစ်တော့တာကို လက်ခံပါ။ ချစ်ခဲ့ဖူးတာတွေကို ကျေနပ်ပါ။ ပြီးတော့ လက်ရှိကာလကို အကောင်းဆုံးဖြတ်သန်းမယ်ဆိုရင် ဘဝကလည်း နေပျော်စရာကောင်းလာမှာပါ။

သင်ကော သင့်လက်ရှိအချိန်တွေမှာ နောင်တကင်းကင်းနဲ့လျှောက်လှမ်းနိုင်ပြီလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။