ဘယ်လိုပတ်ဝန်းကျင်မျိုးနဲ့ကြီးပြင်းချင်လဲဆိုတာ သားအပေါ်မှာပဲ မူတည်ပါတယ်။

blank

သားရေ…

အမေတစ်ယောက်ဖြစ်လာပြီဆိုတော့ မေမေ့မှာ သားနဲ့ပတ်သက်ရင် အမြဲမျက်စိဖွင့်နားစွင့်ထားရတာ အမှန်ပါပဲ။ အထူးသဖြင့် သားတို့အရွယ်လူငယ်လေးတွေ ရဲ့ဖြတ်သန်းမှုအမျိုးမျိုးဟာ မေမေစိတ်ဝင်တစား အမြဲ စောင့်ကြည့်နေဖြစ်တဲ့အရာတွေပါပဲ။ ပြီးပြည့်စုံသူမရှိတဲ့အတွက် မေမေကလည်း သားအတွက် အကောင်းဆုံး တွေချည်းလမ်းညွှန်ပေးနိုင်တဲ့ မေမေတစ်ယောက်ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ဒါပေမဲ့ မေမေတတ်နိုင်သမျှ အကောင်း ဆုံးတွေချည်း သားကိုပေးနေတယ်ဆိုတာတော့ ယုံကြည်ပါ။ ဘဝရဲ့ အကောင်းဆုံး လူငယ်အရွယ်လေးကိုဘဝ ပျက်စီးရာပျက်စီးကြောင်း အပျော်လမ်းကြောင်းတွေနောက်လိုက်ရင်း အပျက်ဖြစ်သွားရတဲ့ လူငယ်လေးတွေ ကိုမြင်ရင် မေမေစိတ်မကောင်းဖြစ်မိတယ်။ သူတို့မိဘတွေဆိုရင် ဘယ်လောက် ယူကျုံးမရ ဖြစ်လိုက်ကြမလဲ သားရေ။ ဒါဟာ ဆရာဝန်ကြီးဖြစ်ဖို့၊ အင်ဂျင်နီယာကြီးဖြစ်ဖို့မဟုတ်ရင်တောင် အနည်းဆုံး လူတော်လူကောင်း တစ်ယောက်ဖြစ် လာဖို့ ပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ မိဘတွေရဲ့ စေတနာမေတ္တာတွေ ရေစုန်မျှောတာပါပဲ။

သူတို့တွေရဲ့အကြောင်းပြချက်က “ ပတ်ဝန်းကျင်မကောင်းလို့၊ လူပေါင်းမှားလို့” ဆိုပဲ။ အဲ့ဒီစကားကို သူတို့ ယုံယုံကြည်ကြည်ဆိုနေတော့ လွဲနေပြီလို့ မေမေတော့မြင်တာပါပဲ။ တကယ်တော့ ပတ်ဝန်းကျင်ဆိုတာ မေမေတို့ ရွေးချယ် လို့ရတဲ့အရာပါ။ တစ်အိမ်တည်းမှာတောင် မိသားစုဝင်တွေထဲ ဆိုးသူပါသလို၊ ကောင်းတဲ့ သူလည်း ပါပါတယ်။ ပတ်ဝန်းကျင်ဆိုတာလည်း မေမေတို့က ကောင်းတဲ့လူတွေကိုပဲကြည့်ရင် ကောင်းတဲ့ လူတွေကိုပဲ မြင်တော့မှာပါ။ ကောင်းတဲ့လမ်းကိုပဲ လျှောက်ချင်တယ်ဆိုရင် ကောင်းတဲ့လူတွေကိုပဲ ရွေးချယ် ပေါင်းမိသွားမှာပါပဲ။ ဒီတော့ မကောင်းတဲ့လူတွေ နဲ့ပေါင်းမိလို့ မကောင်းတဲ့လမ်းကြောင်းပေါ်လျှောက်မိတာ လို့ပြောလာရင် မေမေကတော့ ဆင်ခြေလို့ပဲယူဆပါ တယ်။ ဒါကြောင့် သားကို မေမေမှာချင်တာက မေမေက သားကို စဉ်းစားဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်တွေရှိ အောင် ကျောင်းထားပေးတယ်။ ပဲ့ပြင်ဆုံးမ ပေးတယ်။ ဖတ် သင့်တဲ့စာအုပ်တွေဖတ်ရှုတတ်တဲ့ အလေ့အထတွေ ကို မွေးမြူပေးခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

ဘယ်လိုလူတွေနဲ့ ပေါင်းဖော်အပ် တယ်ဆိုတာ မေမေတို့၊ ဖေဖေတို့က စံပြအဖြစ်နေပေးခဲ့တယ်။ ပြောရရင် သားဘဝတလျှောက်လုံးမှာ ကြုံတွေ့ ရမယ့်ပတ်ဝန်းကျင်ကို အကောင်းဆုံး တွေချည်းဖြစ်အောင် မေမေတို့ ဖန်တီးပေးနိုင်စွမ်းမရှိပေမဲ့ ဘယ်လိုပတ် ဝန်းကျင်မျိုးရောက်ရောက် ကိုယ့်လမ်း ကြောင်းကိုယ် ကောင်းကောင်းမွန်မွန်၊ တည့်တည့်မတ်မတ်လျှောက် လှမ်းနိုင်ဖို့ တွေးခေါ်မျှော်မြင်တတ်တဲ့စိတ်ကိုတော့ မေမေတို့ မွေးမြူပေးခဲ့တယ်။ ဒါကြောင့် ပတ်ဝန်းကျင် ကောင်းကိုလည်း သားဘာသာရွေးချယ်နိုင်မယ် လို့ မေမေတို့ မျှော်လင့်ပါတယ်။ ဒါကြောင့် သားဘဝမှာ တိုး တက်ချင်တယ်ဆိုရင် သားရဲ့ရွေးချယ်မှုတွေ အ တွက် ပတ်ဝန်းကျင်၊ အပေါင်းအသင်းကြောင့်လို့ ဆင်ခြေပေး တာကို ရှောင်ပါ။ ဘယ်လိုနေရာရောက်ရောက် သားရဲ့ရွေးချယ်မှုကိုသာ မှန်ကန်စွာဆုံးဖြတ်လိုက်ပါနော်။

ချစ်တဲ့…မေမေ

စာစောင်လေးကိုကြိုက်နှစ်သက်ရင် SHARE လိုက်ပါဦးနော်။