ပိုချစ်ခဲ့တဲ့သူက ပိုနာကျင်ရတယ်ဆိုတာ မှန်လား။

blank

ချစ်သူနှစ်ယောက် လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာ ပိုချစ်ခဲ့တဲ့သူက နာကျင်ရမယ်။ ဝမ်းနည်းရမယ်။ ပိုပြီးကြေကွဲရမယ်။ အသည်းကွဲဒဏ်ရာတွေပျောက်ဖို့ ပိုပြီးအချိန်ကြာလိမ့်မယ်။

ဒါပေမဲ့…..။

ပိုချစ်ခဲ့တဲ့သူဟာ…

ကိုယ်ပေးခဲ့တဲ့ချစ်ခြင်းတွေနဲ့ မထိုက်တန်တဲ့သူတစ်ယောက်ကို တွယ်တာမိခဲ့တယ်ဆိုတာကို နားလည်လာတဲ့တစ်နေ့၊ ဘယ်တော့မှပြန်မလာတော့မယ့် သူတစ်ယောက်ကို ဖက်တွယ်ထားခြင်းဟာ မြတ်နိုးခြင်းသက်သက်ဆိုတာကို နားလည်လာတဲ့တစ်နေ့၊ အခြားသူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်းမချစ်ခင်မှာ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်မြတ်နိုးရမယ် ဆိုတာကို နားလည်လာတဲ့တစ်နေ့မှာ ဘဝကို အရှေ့ဆက်နိုင်လိမ့်မယ်။

ကိုယ်ဘယ်လောက်ပဲပေးဆပ်ပေးဆပ် ကိုယ့်အနားမှာ မနေချင်တဲ့သူကတော့ ထွက်ခွာသွားမှာပဲဆိုတာကို သိလာတဲ့နေ့မှာ ခံစားချက်တွေကို အချိန်ကတဖြည်းဖြည်းနဲ့ ကုစားနိုင်လိမ့်မယ်။

ကိုယ့်ကိုသိပ်ချစ်ခဲ့တဲ့သူကို ထားခဲ့တဲ့သူကတော့…..။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကိုယ့်ကိုအမှန်တကယ် မြတ်နိုးတဲ့သူတစ်ယောက်ကို ထားခဲ့မိပါလားဆိုတာကို နားလည်လာတဲ့တစ်နေ့။

ကိုယ့်နှလုံးသားကို ကာကွယ်စောင့်ရှောက်ချင်တဲ့သူတစ်ယောက်ကို အသုံးချမိခဲ့ပါလားဆိုတာကို ခံစားမိတဲ့တစ်နေ့။

ကိုယ့်အပေါ်မှာကောင်းခဲ့တဲ့သူတစ်ယောက်ကို ရက်စက်မိခဲ့ပါလားဆိုတဲ့သူတစ်ယောက်ကို နားလည်လာတဲ့တစ်နေ့မှာ နောင်တတွေနဲ့အတူ နာကျင်ခံစားနေရလိမ့်မယ်။ ဘယ်တော့မှမပျောက်မယ့် နာကျင်ခြင်းတွေနဲ့ပေါ့။

ပိုချစ်ခဲ့တဲ့သူရဲ့ အသည်းကွဲတွေက အစိမ်းချုပ်ထားတဲ့ ဒဏ်ရာတွေလိုပဲ ပိုနာကျင်ခံစားရပေမယ့် အချိန်တစ်ခုရောက်လာရင် ပျောက်ကင်းသွားလိမ့်မယ်။ အမာရွတ်အနည်းငယ်ကျန်ခဲ့ပေမယ့်လည်းပေါ့။ ကိုယ့်ကိုချစ်ခဲ့တဲ့သူကို ထားခဲ့သူရဲ့ ဒဏ်ရာတွေကတော့ အစပိုင်းမှာ မသိသာပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လှိုက်စားမယ့် ကင်ဆာဆဲလ်တွေလိုပေါ့။

ကံတရားက ဘယ်တော့မှ မျက်နှာမလိုက်ပါဘူး။ ပိုချစ်ခဲ့လို့ ဘာကြောင့်ပိုနာကျင်နေရတာလဲလို့ တွေးမနေပါနဲ့နော်။ သင့်ရဲ့ဒဏ်ရာတွေဟာ မကြာမီမှာ ကျက်မယ့် ဒဏ်ရာတွေပါ။