တိတ်တခိုးချစ်နေသူနဲ့ Friend zone ထဲမှာ နေနေရတဲ့အခါ

blank

ကျွန်တော့်မှာသိပ်ချစ်ရတဲ့ သူငယ်ချင်းမလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်ဖက်ကတော့ သူငယ်ချင်းထက်ပိုပြီး ချစ်ခင်မိနေသူလေးပေါ့။ ကျွန်တော့်သူ့ကို ဖွင့်ပြောလိုက်မလားလို့ စဉ်းစားမိပေမယ့် အခုအချိန်မှာရှိနေတဲ့ ရင်းနှီးမှုလေးတွေကို ပျက်ပြယ်သွားမှာကို စိုးရိမ်နေမိတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်ချင်းမှာ ချစ်သူတစ်ယောက်ရလာခဲ့တယ်။ ကျွန်တော့်ကတော့ ချစ်ခြင်းတွေကို သူမမြင်အောင် သိုဝှက်ရင်း သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် သူမဘေးမှာရှိနေခဲ့တယ်။

သူ့ချစ်သူနဲ့တွေ့ဖို့ အိမ်ကနေ ခေါ်ထုတ်ပေးရတာတို့၊ သူ့ချစ်သူနဲ့ချိန်းထားတဲ့နေရာ ရောက်အောင် ပို့ပေးရတာတို့၊ သူတို့နှစ်ယောက်စိတ်ဆိုးစိတ်ကောက်ကြလို့ သူမငိုတိုင်း နှစ်သိမ့်ပေးရတာတို့၊ သူမရဲ့ချစ်သူအတွက် surprise ပေးဖို့ သူမကိုကူညီပေးရတာတို့ စတဲ့ သူငယ်ချင်းကောင်းတို့ လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေအားလုံးကိုလုပ်ပေးခဲ့တယ်။ သူ့ချစ်သူနဲ့သူ့အတွက် ကူညီပေးရတဲ့အခါ စိတ်တွေမွန်းကြပ်ရှုပ်ထွေးလာတိုင်း “နင်ကသိပ်ချစ်စရာကောင်းတာပဲ” ဆိုတဲ့ စကားလေးနဲ့ကျေနပ်နေခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တစ်ရက်မှာ သူမက ကျွန်တော့်အိမ်ကို ငိုကြီးချက်မနဲ့ရောက်လာခဲ့တယ်။ သူ့ချစ်သူနဲ့ လမ်းခွဲလိုက်ပြီတဲ့။ သူ့ချစ်သူက အခြားကောင်မလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတာ သူသိနေတာကြာပြီတဲ့။ အခုတော့ သူမကဖွင့်မေးလိုက်တော့ သူ့ချစ်သူကလည်း ဝန်ခံတယ်တဲ့လေ။ အဲ့ဒါနဲ့ပဲ သူမကစပြီး လမ်းခွဲစကားပြောပြီး ပြန်လာခဲ့တယ်တဲ့။ အဲ့ဒီနေ့က ကျွန်တော့်ပုခုံးကို မှီပြီးသူမအကြာကြီးငိုတယ်။ ကျွန်တော်လေ သူမအတွက် တစ်သက်တာမှီခိုစရာ ပုခုံးတစ်ဖက်ဖြစ်ချင်တယ်ဗျာ။

တစ်နေ့မှာတော့ ကျွန်တော့်ကိုသူဖုန်းဆက်တယ်။ သူအရမ်းအထီးကျန်နေတယ်။ သူနဲ့စကားလာပြောပေးပါလားတဲ့။ ထုံးစံအတိုင်း ကျွန်တော်အပြေးသွားမိတာပေါ့။ အဲ့ဒီနေ့က ကျွန်တော်မနေနိုင်တော့ဘဲ ရင်ထဲကခံစားချက်တွေကို ဖွင့်ပြောမိတယ်။ သူမက “နင်ကငါ့အတွက် သူငယ်ချင်းပါပဲ” တဲ့။ ခဏနေတော့ သူ့ချစ်သူဆီက ဖုန်းဝင်လာတယ်။ ဟိုကောင်မလေးနဲ့ဖြတ်လိုက်ပြီဆိုတဲ့အကြောင်း၊ သူ့ကိုပဲတကယ်ချစ်တဲ့အကြောင်း တောင်းပန်စကားဆိုတာပေါ့။ သူကကျွန်တော့်ကိုမေးတယ် သူ့ချစ်သူနဲ့ပြန်တွဲလိုက်ရမလားတဲ့။ ကျွန်တော့်က နင့်သဘောလို့ပြောပြီး အဲ့ဒီနေရာက ထွက်လာခဲ့တယ်။

အဲ့ဒီကိစ္စဖြစ်ပြီး သူနဲ့ကျွန်တော်သိပ်မတွေ့ဖြစ်တော့ဘူး။ သူဖုန်းဆက်တိုင်း ကျွန်တော်အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေမိတယ်။ သူ့ချစ်သူနဲ့တွေ့ဖို့ ကျွန်တော်ခေါ်ထုတ်မပေးတာကို သူက ပြစ်တင်စကားပြောတယ်။ သူ့အိမ်က တင်းကြပ်တော့ ကျွန်တော်ခေါ်လာမထုတ်ရင် သူအပြင်ကိုမထွက်ရဘူးလေ။ သူကတော့ ကျွန်တော်က အကျင့်ပုတ်တယ်တဲ့။ ကျွန်တော်သူ့ကိုမရလို့ သူ့ချစ်သူနဲ့ မဆုံအောင် အကျင့်ပုတ်နေတာတဲ့လေ။ ကျွန်တော့်ခံစားချက်တွေနဲ့ ဆန့်ကျင်တဲ့အလုပ်၊ သူပျော်ရွှင်ဖို့ ဖြည့်ဆည်းပေးရင်း ကျွန်တော်မပျော်မရွှင်ဖြစ်နေတဲ့ အဖြစ်မျိုးတွေကို ရှောင်မိတာ ကျွန်တော့်မှာ အပြစ်ရှိလား။

သူထားပေးတဲ့ Friend zone ထဲမှာ မနေနိုင်တော့တာ ကျွန်တော်မှားလား။