Lockdown ကာလမှာ အိမ်ထောင်ရှင်တိုင်း အဆင်ပြေနေကြတာလား။

blank

ကျွန်မရဲ့ အိမ်ထောင်ရေးကို အားလုံးက အားကျကြတယ်။ ကျွန်မရဲ့အမျိုးသားက ကျွန်မကိုဂရုစိုက်တတ်တာကြောင့် သတင်းကြီးတယ်။ သူ့ရဲ့ surprise တွေကြောင့် ကျွန်မဟာ အားလုံးရဲ့ အားကျခြင်းကို ပိုင်ဆိုင်ထားတယ်။ ကျွန်မရဲ့ပတ်ဝန်းကျင်မှာတော့ ကျွန်မဟာ ကံကောင်းမှုအပေါင်း သရဖူဆောင်းထားသူအဖြစ် နာမည်ကြီးသူတစ်ယောက်ပေါ့။ အားလုံးရဲ့အရှေ့မှာ ကျွန်မကိုကြင်ကြင်နာနာ ဆက်ဆံတယ်။ ချိုချိုသာသာပြောတယ်။ လေးလေးစားစားဆက်ဆံတယ်ပေါ့။ တကယ်ကော အဲ့ဒါက အစစ်လားဆိုတာကတော့ ကျွန်မတစ်ယောက်တည်းသိတယ်။

COVID-19 ကြောင့် အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ ကျွန်မခင်ပွန်းရဲ့ ကျွန်မကိုဂရုစိုက်ခြင်းအနုပညာက ဖေ့စ်ဘုတ်ပေါ်မှာ ပလူပျံလို့ပေါ့။ မိန်းမကိုဘယ်လိုတွေ ကူညီနေတာ၊ မိန်းမကိုဘာတွေ ချက်ကျွေးနေတာ၊ မိန်းမနဲ့ ဘာဇာတ်ကားတွေကြည့်နေတာ စတဲ့ ပို့စ်တွေအောက်မှာ ကျွန်မကံကောင်းတယ်ဆိုတဲ့ မန့်တွေက ရာနဲ့ချီလို့ပေါ့။ ကျွန်မယောင်းမလေးကတော့ သူ့ခင်ပွန်းက သူ့ကိုစကားပြောရင် ရိုင်းရိုင်းပျပျပြောတယ်၊ အော်ငေါက်နေတယ်တဲ့ messenger မှာ လာပြောရှာတယ်။ အစ်ကိုနဲ့ ယောင်းမကျတော့ အဆင်ပြေလိုက်တာနော်တဲ့။ အစ်ကိုက အရင်ကတည်းကမှ ro တတ်တာ အခုတော့ အလုပ်တွေနားထားရတော့ ပိုဂရုစိုက်ပြနေတာပေါ့တဲ့။ အိမ်ကယောကျာ်းကများ သူအလုပ်အဆင်မပြေ၊ ငွေအဆင်မပြေတာတွေကို ကျွန်မအပေါ်ပုံချနေတယ်တဲ့။ အစ်မကိုအားကျလိုက်တာ အစ်မရယ်။ အစ်မပဲကောင်းတယ်။ အစ်ကိုတို့ချစ်တတ်လိုက်တာ လွန်ရောတဲ့။ ကျွန်မဖြင့် အိမ်ထောင်ကျတဲ့ နှစ်နှစ်အတွင်း စကားတောင် ချိုချိုသာသာ အပြောမခံရဘူးတဲ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မပြုံးနေလိုက်ပါတယ်။ ပြီးတော့ သူမကျွန်မဗီဒီယို call ခေါ်လိုက်တယ်။ မနေ့ညက ကျွန်မခင်ပွန်းရိုက်လို့ ညိုမည်းနေတဲ့ ပါးစောင်ရယ်၊ လွန်ခဲ့တဲ့နှစ်ရက်က အရိုက်ခံရပြီး ပေါက်သွားလို့ ပတ်တီးကပ်ထားတဲ့ နဖူးရယ်၊ ဒီနေ့မနက်က ကော်ဖီဖျော်မှာသကြားများသွားလို့ လက်သီးနဲ့ဆွဲထိုးထားတာကြောင့် သွေးထွက်နေတဲ့ နှုတ်ခမ်းရယ်ကို ကြည့်ပြီး ကျွန်မယောင်းမက ကြောက်လန့်သွားတာပေါ့။ ဘာဖြစ်တာလဲ ယောင်းမရယ်တဲ့။ နင့်အစ်ကို ခမျာအလုပ်တွေအရင်ကလောက် အဆင်မပြေတော့ ထွက်ပေါက်အနေနဲ့ ဒေါသတွေကို ငါ့အပေါ်ပုံချမိတာပါလို့။ စိတ်မပူပါနဲ့ lockdown မချခင်တုန်းကလည်း သူအဲ့လိုပဲ ငါ့ကိုရိုက်နေကျပါ။ အခုတော့ ၂၄ နာရီပတ်လုံး အတူတူရှိနေတော့ သူ့ခမျာငါ့ကိုပဲ ရိုက်ဖို့ရှိတာပါ။ မကြာခင်မှာ ငါ့ကိုချော့ဖို့ လက်ဆောင်လေးတွေကို delivery နဲ့ မှာပေးလိမ့်မယ်လို့ ပြောလိုက်တယ်။

အခုလို အချိန်မှာ ကျွန်မတို့ ဘာများတတ်နိုင်မှာလဲ။ သည်းခံနေရုံကလွဲရင်၊ စီးပွားရေးအဆင်မပြေဖြစ်နေတဲ့ အချိန်မှာ စိတ်ထွက်ပေါက်အဖြစ်ရိုက်ခံနေရတဲ့ အိမ်ရှင်မတွေအနေနဲ့ ဘာကိုမှီခိုအားထားပြီး ဒီလိုအကြမ်းဖက်မှုတွေကို တွန်းလှန်နိုင်မှာလဲ။

ကျွန်မဘာလုပ်လို့ရလဲ။ ဘယ်လိုတွေ အကူအညီတောင်းလို့ရမလဲ။