COVID-19ကာလမှ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ်မှာ ထိခိုက်မှုရှိလား။ 

အခုအချိန်မှာ လူအများစုက လူကြီးတွေခံစားရမယ့် စိတ်ပူပန်မှုတွေအကြောင်း၊ စိတ်ဖိစီးမှုတွေအကြောင်း၊ စိတ်ကျရောဂါအကြောင်းတွေကို အပြောများနေကြတယ်။ ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ အကြောင်းတွေဝေမျှကြတယ်။ ဒါပေမဲ့ အိမ်မှာရှိတဲ့ကလေးလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုတော့ ဂရုမစိုက်နိုင်ဖြစ်နေတတ်ကြတယ်။ ဘာမှနားမလည်သေးတဲ့ ကလေးလေးတစ်ယောက်မှာ စိတ်ဖိစီးစရာရှိပါ့မလားလို့လည်း ထင်နေတတ်ကြတယ်။

တကယ်တော့ ကလေးလေးမှာ စားဝတ်နေရေးအတွက် ပူပင်စရာမရှိပေမယ့် စိတ်ဖိစီးမှုလေးတွေလည်း ရှိနေပါတယ်။ အရင်က ကျောင်းနဲ့ကျူရှင်ပြေးလိုက်၊ သူငယ်ချင်းတွေနဲ့ အတူတူဆော့ကစားလိုက်ရှိခဲ့သလို လူများစွာနဲ့ ထိတွေ့နေခဲ့ကြတယ်။ သူတို့နဲ့ရွယ်တူသူငယ်ချင်းတွေ၊ ဆရာမတွေနဲ့ ထိတွေ့မှုတွေ ရုတ်ချည်းဆိုသလို ပြတ်တောက်သွားခဲ့တဲ့အတွက် သူတို့မှာလည်း ပြောမပြပေမယ့် စိတ်ညစ်ရတာပါပဲ။

ဒီအချိန်မှာကလေးတွေကို ငြိမ်နေရင်ပြီးတာပဲဆိုတဲ့သဘောနဲ့ ဖုန်းတွေပေးသုံးတာကလည်း သူတို့ရဲ့စိတ်ဖိစီးမှုတွေကို ပိုတိုးစေပါတယ်။ Screen time အသုံးများခြင်းဟာ စိတ်ကိုပိုပြီးလေးလံ ထိုင်းမှိုင်းစေတာ၊ အညောင်းမိတာအပြင် အခြားပြဿနာတွေလည်း ဖြစ်စေပါတယ်။ ဒါ့ကြောင့်မိဘတွေအနေနဲ့

COVID-19 ရဲ့ ကူးစက်ပုံနဲ့ အန္တရာယ်များပုံကို ကလေးတွေနားလည်အောင် ပြောပြပါ။

အခုအချိန်မှာရောဂါကို ကာကွယ်တဲ့အနေနဲ့ အိမ်မှာနေနေရတယ်ဆိုတဲ့ အကြောင်းရှင်းပြပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

သူတို့ပြောတာတွေကို စိတ်ရှည်စွာ နားထောင်ပါ။

COVID-19 ကို ကုသဖို့ ရှေ့တန်းကနေ တိုက်စစ်ဆင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အိမ်ထဲမှာနေခြင်းဖြင့် ကူညီနေတယ်ဆိုတာကို ပြောပြပေးပါ။

ကလေးတွေနဲ့ အတူတူလုပ်လို့ရတဲ့ activity လေးတွေကို youtube ကနေ ကြည့်ပြီး အတူတူလုပ်ပါ။

COVID-19 ပြီးသွားတဲ့အခါ ဘာတွေလုပ်ချင်လဲ ဒါမှမဟုတ် ဘာတွေလုပ်ကြမယ်ဆိုတဲ့ အကြောင်းကို မကြာမကြာပြောပေးပါ။

ကိုယ့်ဆီမှာရှိတဲ့ ကံကောင်းမှုတွေကို သိတတ်အောင် ပြောပြပေးပါ။

ကလေးကို အိမ်အလုပ်တွေမှာ တတ်နိုင်ကူညီခိုင်းပါ။ သူတို့ရဲ့ အလုပ်လေးတွေကို သူတို့ကိုယ်တိုင်လုပ်တတ်အောင် သင်ပေးပါ။

အတတ်ပညာအသစ်လေးတွေ သင်ပေးပါ။

သက်ဆိုင်ရာဘာသာရေးအဆုံးအမလေးတွေကို သင်ကြားပြသပေးပါ။ တရားအတူတူထိုင်ပါ။

သင်ကော သင့်ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာသန်စွမ်းကြံ့ခိုင်အောင် ဘာလေးတွေလုပ်ပေးဖြစ်လဲ။