တချို့လူတွေဟာ ချစ်မိပြီဆိုရင်…

blank

ပေးဆပ်တတ်တဲ့အချစ်မျိုးနဲ့ ချစ်တတ်ကြတယ်။ ပုခုံးပေါ်မှာမှီရင်း အိပ်ပျော်သွားတဲ့ချစ်သူကို တစိမ့်စိမ့်ကြည့်နေရင်း ချစ်သူနိုးသွားမှာကို စိုးရိမ်နေသလိုမျိုးပေါ့။ ချစ်သူရဲ့ အပြုအမူလေးတွေ၊ လှုပ်ရှားမှုလေးတွေကအစ ဆွဲဆောင်မှုရှိလွန်းတယ်လို့ ထင်နေတတ်တယ်။

တချို့လူတွေဟာ ချစ်မိပြီဆိုရင်…

ချစ်နေပေမယ့် ခံစားချက်တွေကို ထုတ်မပြောတတ်ဘူး။ စကားလုံးတွေကို မျိုသိပ်ထားတတ်ကြတယ်လေ။ ချစ်နေပေမယ့် ဂရုမစိုက်သလိုနေတတ်ကြတယ်။ ဒါပေမဲ့ တစ်ယောက်ဆိုတစ်ယောက် မပြောင်းလဲတဲ့သစ္စာနဲ့ ချစ်ကြတယ်။

တချို့လူတွေဟာ ချစ်မိပြီဆိုရင်…

“မင်းအတွက် ငါအမြဲအသင့်ရှိနေတယ်။” ဆိုပြီး ကတိတွေပေးကြတယ်။ ချစ်သူအလိုရှိတဲ့အချိန်တိုင်း အမြဲအရောက်လာတယ်။ ချစ်သူအတွက် ကိုယ်ရံတော်ဆိုလည်းဟုတ်၊ ပျော်တော်ဆက်ဆိုလည်းဟုတ်တဲ့ သဘောပေါ့။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တချို့လူတွေဟာ ချစ်မိပြီဆိုရင်…

ချစ်သူကို မြတ်မြတ်နိုးနိုးနဲ့ အကြင်နာအနမ်းလေးတွေပေးတတ်ကြတယ်။ ကြင်နာယုယမှုကို ကိုယ်အမူအရာ၊ နှုတ်အမူအရာနဲ့ ပြတတ်ကြတယ်။ ချစ်သူပင်ပန်းလာတိုင်း နားခိုစရာရင်ခွင်တစ်ခု၊ မှီခိုစရာပုခုံးတစ်ဖက်အဖြစ် အမြဲတမ်းရှိနေတတ်တယ်။

တချို့လူတွေဟာ ချစ်မိပြီဆိုရင်…

လက်တွေ့ကျကျ ချစ်တတ်ကြတယ်။ အနာဂတ်မှာ သာယာဖို့ လက်ရှိမှာ ဝေးသင့်ရင်ဝေးရမှာပဲဆိုတဲ့စိတ်နဲ့ အနာဂတ်အတွက်ကြိုးစားတယ်။ လက်ရှိမှာ ချစ်သူအတွက် ကဗျာဆန်တာလေးတွေလုပ်မပေးနိုင်ပေမယ့် အနာဂတ်မှာ လက်တွဲဖော်ကောင်းဖြစ်ဖို့၊ ဘဝပြည့်စုံဖို့ အလုပ်ကိုကြိုးစားနေတတ်တယ်။

တချို့လူတွေဟာ ချစ်မိပြီဆိုရင်…

တစ်ယောက်ဆိုတစ်ယောက်ပဲ စွဲစွဲမြဲမြဲချစ်ကြတယ်။ ချစ်ရသူရဲ့ လူသားဆန်တဲ့လုပ်ရပ်လေးတွေ၊ မနက်အိပ်ရာနိုးကာစ သွင်ပြင်လေးတွေ၊ သဝန်တိုနေတဲ့ မျက်နှာထားလေးတွေကအစ ချစ်တတ်ကြတယ်။ ချစ်သူလုပ်သမျှ လှတယ်ဆိုပြီး သတ်မှတ်ထားသူတွေပေါ့။

ကိုယ်ချစ်မိလာခဲ့ရင်လေ…. ကိုယ်ဟာ တန်ဖိုးအကြီးဆုံးရတနာတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ ခံစားချက်နဲ့ ကိုယ်ဟာအဖိုးထိုက်တဲ့ ရတနာတစ်ပါးပါဆိုတဲ့ ခံစားမှုကိုပေးနိုင်တဲ့ ချစ်ခြင်းတရားမျိုးကို ပိုင်ဆိုင်ချင်မိတယ်။ ကိုယ်သိပ်ကိုလောဘကြီးနေလား…။