လက်ထပ်ခြင်းဆိုတာ အချစ်တစ်ခုတည်းနဲ့ လုံလောက်လား။

blank

ကျွန်မကိုယ်ကျွန်မထက်မြက်တယ်လို့တော့ မပြောချင်ပါဘူး။ ကျွန်မချစ်သူထက် သာလွန်တဲ့ အရည်အချင်းတချို့ ကျွန်မဆီမှာရှိခဲ့တယ်။ ကျွန်မထက်သာလွန်တဲ့ အရည်အချင်းတွေသူ့ဆီမှာရှိနေတာကိုလည်း ကျွန်မသိတယ်။ လက်လည်းလက်ခံတယ်။ ဒါပေမဲ့ သူကတော့ လက်မခံနိုင်ခဲ့ဘူး။

အစစအဆင်ပြေခဲ့တဲ့ အချစ်ရေးမှာ သူ့ရဲ့စိတ်မလုံခြုံမှုလေးတွေက အဖုအထစ်လေးတွေဖြစ်လာခဲ့တယ်။ တစ်ခုခုအငြင်းပွားတိုင်း “ငါ့ထက်ပိုပြီး လစာကောင်းတယ်ဆိုပြီး ငါ့ကိုနှိမ်ချင်တာမဟုတ်လား” ဆိုတာကို မဆီမဆိုင်ထည့်ပြောတော့တယ်။ “အေးလေ.. ရာထူးကြီးကြီးရထားတော့ မာန်တက်ချင်မှာပေါ့” ဆိုတဲ့ စကားဟာ သူ့ရဲ့ထိုးနှက်စကားဖြစ်လာခဲ့တယ်။

ကြာလာတော့ သူနဲ့တွေ့ရင် ကျွန်မရဲ့ အရည်အချင်းတွေအကြောင်း၊ အလုပ်က အောင်မြင်မှုတွေအကြောင်း မဝေမျှရဲတော့ဘူး။ သူနဲ့တွေ့ရင်ကိုယ့်ကိုယ်ကိုယ်အမြဲ တစ်လှမ်းနောက်ဆုတ်ထားရတယ်။ သူ့ဆီမှာရှိနေတဲ့ သာလွန်တဲ့ အရည်အချင်းတွေကို ကျွန်မအသိအမှတ်ပြုပေမယ့် သူကတော့ ကျွန်မရဲ့အရည်အချင်းတွေကို မသတီစရာ အဖြစ်မြင်လာသလိုပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

တစ်နေ့မှာတော့ သူက “လက်ထပ်ရအောင်” တဲ့။ ကျွန်မလေ သူ့ကိုချက်ခြင်းခေါင်းမညိတ်နိုင်ခဲ့ဘူး။ ကျွန်မဒီလိုပဲ တစ်သက်လုံးကိုယ့်ကိုယ်ကိုယ် ထိန်ချန်ပြီး နေနိုင်လားဆိုတာ မသေချာဘူး။ သူ့ကိုချစ်လားဆိုရင် ချွင်းချက်မရှိခေါင်း ညိတ်မိလိမ့်မယ်။ ဒါပေမဲ့ လက်ထပ်ဖို့တော့ တွန့်ဆုတ်နေမိတယ်။ သူက “အဲ့ဒီလောက်စဉ်းစားနေရပုံထောက်ရင် မင်းကိုယ့်ကိုမချစ်ဘူးနဲ့ တူတယ်” တဲ့။

ရင်ထဲက အဖြေက ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မသူ့ကိုငြင်းခဲ့မိလိုက်တယ်။

ကျွန်မရဲ့ဆုံးဖြတ်ချက်မှန်တယ်လို့ ထင်တယ်မဟုတ်လားဟင်။