ယောက်ျားတစ်ယောက်ရဲ့ အချစ်ဟာ သဝန်တိုခြင်း၊ ချုပ်ချယ်ခြင်းတွေနဲ့ပဲ တည်ဆောက်ထားတာလား။

သူနဲ့ကျွန်မလက်ထပ်ခဲ့တဲ့နေ့က အားလုံးက ကျွန်မကိုအားကျခဲ့ကြတယ်။ သူ့လက်ကိုလေးစားစွာ တွဲခဲ့တဲ့ ကျွန်မရဲ့လက်တွေက ယုံကြည်ကိုးစားမှုတွေပါခဲ့ပြီး ဦးဆောင်တဲ့သူရဲ့ လက်ခိုင်ခိုင်ကြီးတွေကလည်း မြတ်နိုးမှုတွေရောယှက်နေခဲ့တယ်။ ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာရာထူးကို ထမ်းဆောင်နေတဲ့သူတစ်ယောက်၊ မိန်းကလေးတိုင်းစွဲမက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး အသောက်အစားကင်းရှင်းတဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာဟာ ကျွန်မကံကောင်းခဲ့လို့ပေါ့။ ကျွန်မရဲ့မိဘတွေက ကျွန်မအတွက် ဝမ်းသာခဲ့ကြတယ်။ သူငယ်ချင်းတွေကလည်း ဂုဏ်ယူခဲ့ကြတယ်။ သူနဲ့အိမ်ထောင်ကျပြီး ကျွန်မနှုတ်ဆက်ခဲ့ရတဲ့ လုပ်ငန်းခွင်ကလူတွေကလည်း ကျွန်မဟာ သိပ်ကို ကုသိုလ်ထူးတာပဲတဲ့။

အားလုံးရဲ့အမြင်မှာ ခမ်းနားတဲ့ကွန်ဒိုတိုက်ခန်းထဲမှာ ချစ်ရတဲ့သူနဲ့ အေးအေးဆေးဆေး ဖြတ်သန်းနေတဲ့ ကျွန်မရဲ့ဘဝဟာ သိပ်ကို အားကျဖို့ကောင်းခဲ့တယ်။ သူတင်တဲ့ facebook ပေါ်က status တွေကလည်း ဇနီးသည်အလိုကျ အကြိုက်ဆောင်ပေးနေတဲ့ ခင်ပွန်းတစ်ယောက်ကို ဖော်ပြနေတယ်။ ရုံးပိတ်ရက်မှာ မိန်းမကို ရှော့ပင်းခေါ်သွားတာတို့၊ စားသောက်ဆိုင်ကောင်းကောင်းမှာ ညစာလိုက်ကျွေးတာတို့ စတဲ့ ပုံတွေအောက်မှာ အားကျလိုက်တာဆိုတဲ့ comment တွေ ရာချီပြီး ရခဲ့တယ်။ တကယ်ကော ကျွန်မရဲ့ဘဝဟာ အားကျစရာကောင်းရဲ့လား။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အားလုံးအားကျနေတဲ့ ကျွန်မရဲ့ဘဝကို အနီးကပ် zoom ဆွဲကြည့်လိုက်ရင် ကျွန်မရဲ့ ဘဝအမှန်ကို တွေ့ရလိမ့်မယ်။ ကိုယ့်ဘဝနဲ့ပတ်သက်ရင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချခွင့်မရှိတဲ့ကောင်မလေးတစ်ယောက်၊ ပန်းကန်ဆေးရင်း ပန်းကန်တစ်ချပ်လောက်များ ကျကွဲသွားရင် “ငါ့ပိုက်ဆံတွေကို ဖြုန်းနေတာမဟုတ်လား” လို့ ရစရာမရှိအောင် ဆူဆဲခံရတဲ့ ကောင်မလေးတစ်ယောက်၊ ဓာတ်လှေကားစီးရင်း အသိအမျိုးသားတစ်ယောက်ကို ပြုံးပြနှုတ်ဆက်မိလို့ မျက်နှာအညိုအမည်းစွဲအောင် အရိုက်ခံရတဲ့ ကောင်မလေးတစ်ယောက်၊ အပြင်ထွက်ခါနီးတိုင်း သူဝတ်ခိုင်းတဲ့ အဝတ်အစားကိုပဲ ဝတ်ရပြီး သူတပ်ဆင်ပေးတဲ့ အပြုံးကိုပဲ ဝတ်ဆင်ရတဲ့ ကောင်မလေးတစ်ယောက်ကို မြင်ရလိမ့်မယ်။

ကျွန်မဟာ သူပိုင်တဲ့ ဝတ္ထုပစ္စည်းတွေထဲက တစ်ခု။ ကျောင်းရဲ့ အလှမယ်ဘွဲ့ကို ရထားပြီး ကုမ္ပဏီတစ်ခုရဲ့ စာရင်းကိုင်မလေး ကျွန်မဟာ သူ့ဂုဏ်အတွက် ရှိသင့်တဲ့ ဒြပ်တစ်ခုဖြစ်တယ်ဆိုတဲ့ ယူဆချက်နဲ့ သူကျွန်မကိုလက်ထပ်ခဲ့တယ်ဆိုတာကို သူ့အပြုအမူတွေကတဆင့်သိလာခဲ့တယ်။ အရာရာကို အကောင်းဆုံးဆောင်ရွက်နိုင်တဲ့ သူ့ဘေးမှာရှိနေမယ့် သူ့ရဲ့ဇနီးဟာ ရုပ်ရည်ချောမောပြီး လိမ္မာရေးခြားရှိနေရုံကလွဲပြီး ဘာမှမလိုဘူးတဲ့လေ။ ဒါ့ကြောင့်လည်း “လက်ထပ်ပြီးရင် အိမ်မှာပဲ ကိုယ်ရှာတဲ့ငွေတွေကို သုံးပေးရင်ကို ကျေနပ်ပြီ” လို့ သူပြောခဲ့တာပေါ့။ ဒါပေမဲ့ သူကိုင်ခိုင်းတဲ့ ငွေဆိုတာ စာရင်းနဲ့အင်းနဲ့ သေချာတွက်ချက်ပြရတာမျိုး။ ငါးကျပ်တစ်ဆယ်လောက် ကွာဟနေရင် ကျွန်မမှာ မိုးမွှန်နေအောင် အဆဲခံရတာမျိုးဆိုတာ ကျွန်မကလွဲရင် ဘယ်သူမှမသိခဲ့ဘူး။ ကျွန်မရဲ့  စာရင်းကိုင်ပညာနဲ့ စီးပွားရေးဘွဲ့ဟာ မီးဖိုခန်းအသုံးစရိတ်တွက်ချက်ဖို့ဖြစ်လာခဲ့တယ်။

တစ်ရက်မှာတော့ သူ့ကုမ္ပဏီရဲ့ ညစာစားပွဲကို ကျွန်မတက်ရောက်ခဲ့ရတယ်။ ထုံးစံအတိုင်း ပြီးပြည့်စုံနေတဲ့ယောက်ျားတစ်ယောက်ရဲ့ အရှိန်အဝါကို အနည်းငယ်ဖြည့်စွက်ပေးဖို့ဆိုတဲ့ သဘောနဲ့ပေါ့။ သူဆင်ပေးတဲ့ ဂါဝန်အရှည်အနက်ရောင်လေးကိ ဝတ် အလှဆုံးအပြုံးတုတစ်ခုကို တပ်ပြီး သူ့ရဲ့လှပတဲ့ပွဲတက်မယားလေးကျွန်မပေါ့။ မနေ့ကသူရိုက်ထားလို့ စွဲနေတဲ့ အညိုအမည်းတွေကို concealer နဲ့ ဖုံးထားပြီး ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးမိန်းမတစ်ယောက်လို ကျွန်မသရုပ်ဆောင်ခဲ့ရတယ်။

အိမ်ရောက်တော့ သူက သူတို့ရဲ့ boss ကကျွန်မကိုတစ်ချိန်လုံးစူးစူးရဲရဲ ကြည့်နေခဲ့တာတဲ့။ ကျွန်မကသတိမထားမိဘူးလို့ပြောပေမယ့် ကျွန်မဟာ ပြုံးရွှင်နေတဲ့မျက်နှာကို တမင်ဖန်တီးထားပြီး သူ့ရဲ့ boss ကို ဖြားယောင်းသွေးဆောင်နေခဲ့သတဲ့လေ။ ကျွန်မက ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူက ကျွန်မကို ကြမ်းတမ်းရိုင်းပြတဲ့ စကားလုံးတွေနဲ့ ထိုးနှက်တယ်။ ကိုယ်ထိလက်ရောက် ရိုက်နှက်တယ်။ နောက်နေ့မနက် သူအိပ်ပျော်နေတဲ့ အချိန် အမေ့အိမ်ကိုထွက်လာခဲ့တယ်။ အကြောင်းစုံကို ပြောပြအပြီးမှာ …

ကျွန်မညီမက ခယ်အိုက ချစ်လို့ သဝန်တိုတာပါတဲ့။

အမေက အိမ်ထောင်ရေးတိုင်းမှာ အစပိုင်းတော့ ပြဿနာဖြစ်တတ်တာပဲတဲ့။

အဖေက ညှိနှိုင်းကြပေါ့သမီးရယ်တဲ့။

သင်ကော… ဘယ်လိုထင်လဲဟင်။