ချစ်သူကို အချိန်ပြည့် တွယ်ကပ်နေခြင်းဟာ အချစ်ရေးကို သာယာစေမှာလား။

blank

ကျွန်မမှာ အရမ်းချစ်ရတဲ့ ချစ်သူရှိတယ်။ သူ့ကို  အဆုံးရှုံးမခံနိုင်တဲ့ ကျွန်မဟာ တစ်ရက် တစ်ရက် သူဘယ်သွားမှာလဲ၊ ဘာတွေလုပ်မှာလဲ၊ ဘယ်သူနဲ့တွေ့မှာလဲ၊ ဘယ်သူနဲ့ စကားပြောနေတာလဲ ဆိုတဲ့ မေးခွန်းတွေ အမြဲ မေးမိတယ်။ တစ်ရက်မှာ ထုံးစံအတိုင်း သူ့ရဲ့သူငယ်ချင်းတွေနဲ့ သွားတွေ့မယ်လို့ပြောတဲ့အချိန် “မိန်းကလေးတွေပါလား” ကျွန်မမေးတော့ “နင် ဘာတွေ အဲ့ဒီလောက်တောင် စိတ်မချနေတာလဲ။ နင်ငါ့ကို မယုံဘူးလား။ ကိုယ့်ကိုယ်ကိုယ်ကော မယုံဘူးလား။ အချိန်ကြာလာတော့ ငါအသက်ရှူကြပ်လာပြီ” လို့ပြောပြီး ကျွန်မဆီကနေ ဝုန်းဒိုင်းကြဲပြီး ထွက်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတွေးလိုက်မိတာက ငါ ဘယ်တုန်းကစပြီး ဒီလို ယုံကြည်ချက်မရှိတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သွားရတာလဲပေါ့။

အရင်တုန်းက ကျွန်မဟာ သိပ်ကိုပျော်ရွှင်တဲ့ ကောင်မလေးတစ်ယောက်ပေါ့။ ဘယ်သွားသွား၊ ဘာလုပ်လုပ် ရဲရင့်တယ်၊ တက်ကြွတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်။ ကိုယ်ကိုယ်ကိုယ်အားကိုးပြီး ကိုယ်လုပ်စရာရှိတာတွေကို လုပ်တတ်တယ်။ ဒါပေမဲ့ ကျွန်မ တဖြည်းဖြည်း ပြောင်းလဲလာတယ်။ ကျွန်မသတိမထားမိလိုက်ခင်မှာပဲ ကျွန်မအချစ်စိတ်က ကျွန်မကိုကျွန်မမသိတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ ကျွန်မဘေးမှာ ရှိမနေတဲ့အချိန်တွေမှာ သူ ဘယ်သူတွေနဲ့ တွေ့နေမလဲ၊ ကောင်မလေးတွေနဲ့ စကားပြောနေမလားဆိုပြီး တွေးပူနေရတယ်။ တကယ်တော့ ကျွန်မတွေးရမယ်လေ။ သူ့ရဲ့ အင်္ကျီပေါ်မှာ ဘယ်နေ့များ နှုတ်ခမ်းနီရာတွေ တွေ့လာမလဲ။ ကျွန်မမဟုတ်တဲ့ တစ်ယောက်ယောက်နဲ့ စားသောက်ဆိုင်မှာ နှစ်ယောက်တွဲ ထိုင်နေမလား အချိန်ပြည့်တွေးပူနေမိတယ်။ ပြောရရင် ကျွန်မဟာ မသိလိုက်မသိဘာသာနဲ့ ဆိုက်ကိုဆန်လာခဲ့တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒီနေ့က သူ့ရဲ့ ပေါက်ကွဲသံကြောင့် ပထမကျွန်မ ဝမ်းနည်းသွားခဲ့တယ်။ ပြီးတော့ သုံးသပ်ကြည့်လိုက်တော့ သူမှန်တာပဲ။ ကျွန်မဟာ ဘာကို စိတ်မလုံခြုံဖြစ်နေခဲ့တာပါလိမ့်။ အဲ့ဒီနောက် ကျွန်မဆုံးဖြတ်လိုက်တယ်။ ဒီအချိန်ကစပြီး ကျွန်မကိုယ်ကျွန်မစိတ်လုံခြုံမှုရှိအောင် လွတ်လပ်တဲ့အတွေးအခေါ်တွေရှိအောင်၊ ချစ်သူအပေါ် လိုတာထက်ပိုပြီး မဖက်တွယ်မိအောင် သတိထားတော့မယ်။ အဲ့ဒီနောက် ကျွန်မရဲ့ ဝေးကွာနေတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ပြန်စကားပြောဖြစ်တယ်။ ကျွန်မ သိပ်ဝါသနာပါတဲ့ အလုပ်ကိုလည်း ပြန်လုပ်ခဲ့တယ်။ ကျွန်မပျော်ရွှင်မှုကို ကျွန်မပဲ ဖန်တီးလိုက်နိုင်တဲ့အခါ ကျွန်မဘေးနားကလူတွေလည်း ပျော်ရွှင်လာတာကို ကျွန်မသတိထားမိလာတယ်။ ကျွန်မရဲ့အချစ်ရေးဟာလည်း အရင်ထက် ပိုပြိး အဆင်ပြေလာတယ်။

ဒါဟာ ကျွန်မရခဲ့တဲ့ အချစ်ရေးသင်ခန်းစာပါပဲ။ သင့်ဆီမှာကော ဘယ်လို သင်ခန်းစာလေးတွေရှိလဲ။