အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားချင်တယ်ဆိုရင် ဇနီးသည်ရဲ့ အိမ်အလုပ်တွေကို ဝိုင်းဝန်းကူညီဆောင်ရွက်ပါ။

blank

ကျွန်တော်နဲ့ သူ လွန်ခဲ့တဲ့ (၅)နှစ်က လက်ထပ်ခဲ့ကြတယ်။ ဒီခေတ်ကြီးထဲမှာ စရိတ်စကလည်း ကြီးတော့ ကျွန်တော်တို့ နှစ်ယောက်လုံး အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူကလည်း မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုသလို အိမ်ရဲ့ဝင်ငွေရဖို့ တစ်ဖက်တစ်လှမ်းကနေ အလုပ်လုပ်ခဲ့တယ်။ ကျွန်တော့်ဇနီးဟာ ကျွန်တော်မနှိုးခင်မှာနှိုးပြီး ချက်ပြုတ်ပြင်ဆင်တယ်။ ပြီးရင်ရုံးသွားတယ်။ ညနေရောက်ရင် ညစာချက်ပြုတ်တာပေါ့။

ကျွန်တော်ကတော့ ညနေရောက်ရင် တစ်နေကုန်ပင်ပန်းထားသမျှ ဖြေလျှော့နိုင်ဖို့ တီဗွီကြည့်လိုက် ဖုန်းသုံးလိုက်နဲ့ပေါ့။ တစ်နေ့မှာတော့ ကျွန်တော် ဆိုဖာပေါ် ကျကျနနထိုင်ပြီး အနားယူဖို့ ပြင်ရုံရှိသေး ကျွန်တော့်ဇနီးက  “ကိုရေ…အဝတ်လျှော်စရာတွေရှိနေလို့ ပန်းကန်တွေ ကူဆေးပေးလို့ရမလား” တဲ့။ ကျွန်တော် ရယ်ချင်သွားတာပေါ့။ ဒါယောက်ျားအလုပ်မှ မဟုတ်ဘဲ။ “အဲ့ဒါ မင်းအလုပ်လေ ငါဘာလို့ လုပ်ရမှာလဲ” လို့ ပြောလိုက်တော့ “ကျွန်မ ရှင့်ကို အကူအညီလေး နည်းနည်းတောင်းရုံပါ ကျွန်မလည်း တစ်နေကုန် အလုပ်လုပ်ထားရတာမဟုတ်လား” လို့ ဇနီးက ပြန်ပြောတယ်။ ပူညံပူညံလုပ်နေတဲ့ ဇနီးသည်ကို အမြင်ကတ်လာတယ်။ သူ့မျက်စိရှေ့မှာနေရင် ကျွန်တော့်ကို သူခိုင်းချင်နေဦးမှာပဲ။ အဲ့ဒါနဲ့ပဲ ဘေးအခန်းက ဦးလေးတို့ လင်မယားဆီ သွားလည်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဦးလေးက ပျက်ယွင်းနေတဲ့ ကျွန်တော့်မျက်နှာကို ကြည့်ပြီး “ဘာဖြစ်လို့လဲ” လို့ မေးတော့ ကျွန်တော်လည်း မိန်းမကြောင့် အာရုံစားရတဲ့အကြောင်းတွေ ဦးလေးကို ပြောပြဖြစ်တယ်။ ဦးလေးနဲ့ ကျွန်တော် စကားစမြည် ပြောနေတုန်းမှာပဲ ဦးလေးဇနီးရောက်လာတယ်။ အဝတ်ခြင်းကြီးကို ခါးမှာပိုက်လို့။ ကြည့်ရတာ အဝတ်တွေ လျှော်ပြီးလှန်းခဲ့ပုံပဲ။ “ကျွန်မ အဝတ်တွေ လျှော်ပြီးသွားပြီ ပန်းကန်ဆေးတော့မယ်။” လို့ ဦးလေးဇနီး ကပြောတဲ့အခါ ဦးလေးက “ရပြီ မဆေးနဲ့တော့ ကိုယ်ဆေးလိုက်မယ်” တဲ့။ ကျွန်တော် ကြားလိုက်ရတဲ့ စကားကြောင့် ကိုယ့်နားကိုယ်တောင် မယုံနိုင်ဘူး။ ဦးလေးလို လူကြီးလူကောင်းတစ်ယောက်က တစ်အိမ်လုံးစားသောက်ထားတဲ့ ပန်းကန်ခွက်ယောက်တွေကို ဆေးမယ်ဆိုရင် ပိုလို့တောင် မယုံနိုင်သေးတယ်။ ကျွန်တော် မနေနိုင်တာနဲ့ “ဦးလေးက ဘာလို့ တစ်အိမ်လုံးရဲ့ ပန်းကန်တွေကို ဆေးရမှာလဲ ဒီအိမ်ရဲ့ အိမ်ထောင်ဦးစီးမဟုတ်ဘူးလား” လို့ မေးလိုက်တယ်။ ကျွန်တော့်အမေးစကားကို ကြားတော့ ဦးလေးက နှစ်လိုဖွယ်ပြုံးတယ်။ “ငါ့တူ အိမ်ထောင်မှု တစ်ခုမှာ သူ့အလုပ် ကိုယ့်အလုပ်ဆိုတာ မရှိပါဘူး။ အခုခေတ်မှာဆိုရင် အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး အလုပ်လုပ်လာကြပြီ။  အိမ်ထောင်ကျသွားရတဲ့ အမျိုးသမီးအများစုဟာ အပြင်ထွက်ပြီး အလုပ်လုပ်ရသလို အလုပ်ကပြန်လာရင် ယောက်ျားနဲ့ ကလေးတွေ စားဖို့ ချက်ရပြုတ်ရ၊ လျှော်ရဖွတ်ရ၊ ပန်းကန်ဆေးရနဲ့ သူတို့မှာ အားလပ်ရတယ်လို့ကို မရှိဘူး။ ဦးတို့လို ယောက်ျားတွေကတော့ အလုပ်လေးလုပ်ပြီး ပိုက်ဆံရှာလိုက်ရုံနဲ့ အဆင်ပြေနေပြီ။ သူတို့ကတော့ မရဘူးလေ။ ဒီတော့သူတို့ ဘဝကို ဦးတို့အနေနဲ့ စာနာပေးဖို့ မသင့်ဘူးလား။ သူတို့ရဲ့ တာဝန်ကျေပွန်မှုကို ဦးတို့အနေနဲ့ အသိအမှတ်ပြုပေးဖို့ ထိုက်တန်ပါတယ်ကွာ။ ပန်းကန်းလေး လေးငါးချပ်လောက်ဆေးလိုက်ရတာက ဘာမှအပန်းကြီးမသွားပေမယ့် သူတို့အတွက်တော့ အလုပ်တစ်ခုပေါ့သွားတယ်မဟုတ်လား” တဲ့။

အဲ့ဒီညက ဦးလေး ပြောတဲ့ စကားတွေကို နားထောင်ပြီး ကျွန်တော့်ကိုကျွန်တော် ရှက်မိသလို ခံစားသွားရတယ်။ ချက်ချင်းပဲ ဦးလေးကို နှုတ်ဆက်ပြီး ကျွန်တော် အခန်းရှိရာကို ပြန်သွားခဲ့တယ်။ ပြီးတော့ မီးဖိုခန်းထဲက ပန်းကန်ခွက်ယောက်တွေကို ဆေးပစ်လိုက်တယ်။ ကျွန်တော့် ဇနီးကအနောက်ကနေရောက်လာပြီး “ရှင်ပါလား ဘာဖြစ်သွားတာလဲ။ ခုနက ပြောတော့မဆေးဘူးဆို” လို့ သူပြောတယ်။ “ကို ချစ်တို့ အိမ်ထောင်ရှင်မိန်းမသားတွေရဲ့ ဒုက္ခကို အခုမှ နားလည်သွားတော့တယ်။” လို့ သူက “ဘယ်လို နားလည်သွားတာလဲ ဆိုပါဦး” တဲ့။ ကျွန်တော် သူ့နားကို ကပ်သွားပြီး သူ့နဖူးကို ခပ်ဖွဖွနမ်းပြီး ပြောပြလိုက်တယ်။ “ဘေးအခန်းက ဦးလေး ပြောပြတာပါ” လို့။

အဲ့ဒီညကစပြီး ကျွန်တော် အိမ်အလုပ်တွေ ကူလုပ်ဖြစ်တယ်။ သူအဝတ်လျှော်ရင် ကျွန်တော်က အဝတ်လှန်းပေးတယ်။ ကျွန်တော် ပန်းကန်ဆေးရင် သူကဘေးကနေ ပန်းကန်တွေကိုရေစင်အောင် သုတ်တယ်။ အိမ်ထောင်ရေးမှာ အဆင်ပြေလာတော့ အလုပ်မှာလည်း အောင်မြင်လာတယ်။ ပျော်ရွှင်လာတယ်။ ဒါကြောင့် အောင်မြင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် ဇနီးသည်ကိုချစ်ပါ။ ဇနီးရဲ့ အိမ်အလုပ်တွေကို ကူလုပ်ပေးလိုက်ပါနော်။ ဇနီးသည်ရဲ့ ပျော်ရွှင်မှုဟာ သင့်ကမ္ဘာကြီးကို လင်းလက်လှပစေပါတယ်။