ခင်ပွန်းက ထားပစ်ခဲ့တာတောင် မပြိုလဲခဲ့တဲ့ ကျွန်မကိုယ်ကျွန်မ ကျေးဇူးတင်မိတယ်။

blank

အဲ့ဒီနေ့က ကျွန်မခင်ပွန်း မွေးနေ့။ သူ့ကုမ္ပဏီကို သူမသိအောင်လိုက်လာပြီး ကျွန်မသူ့ကို အံ့အားသင့်အောင်လုပ်ဖို့ ပြင်ဆင်နေခဲ့တယ်။ ဝယ်လာတဲ့ မွေးနေ့ကိတ်ပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး ကျွန်မ သူရှိတဲ့ ရုံးခန်းထဲကို လျှောက်သွားခဲ့တယ်။ ကျွန်မကိုမြင်ရင် အံ့အားသင့်သွားမယ့် သူ့ပုံရိပ်ကို မြင်ယောင်ပြီး ကျွန်မ ကျေနပ်နေခဲ့တာပေါ့။ ကိုယ့်မျက်နှာကို ပြန်မမြင်ရပေမယ့် ကျွန်မ ပြုံးနေခဲ့မှန်းတော့ ကိုယ့်ကိုယ်ကိုယ် သိတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့ဟာ သူ အသက် (၄ဝ) ပြည့်တဲ့နေ့။

“ဟက်ပီဘတ်ဒ်ဒေး ကို…….” လို့ပြောပြီး ကျွန်မရုံးခန်းထဲကို ဝင်လိုက်တယ်။ တွေ့လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင်ပဲ။ ကျွန်မသိပ်ချစ်ရတဲ့ ကိုဟာ သူ့အတွင်းရေးမှူးမလေးနဲ့ ရုံးခန်းထဲ အကြည်စိုက်နေကြတယ်လေ။ တစ်ယောက်လက်ကိုလည်း တစ်ယောက်က ကိုင်လို့။ ကျွန်မကို မြင်တော့ ကိုက သူ့လက်ကို လွှတ်ချလိုက်တယ်။ ကောင်မလေး စိတ်ဆိုးသွားဟန်နဲ့ ကို့ကိုမေးလိုက်တယ်။ “သူက ဘယ်သူလဲ”တဲ့။ သူ့အမေးကို ကိုက ပြန်ဖြေလိုက်တယ်။ “ကိုယ့် ဇနီးပါ” တဲ့။ ကောင်မလေးက အံ့အားသင့်သွားတဲ့ ပုံနဲ့ ကို့အနားကနေ သူ့ကိုယ်သူ ဖယ်ခွာလိုက်တယ်။ ပြီးတော့ ကျွန်မရှိရာကို တစ်ချက်လှမ်းကြည့်ပြီး ကို့ကို သူလှည့်ပြောလိုက်တယ်။ “သူက လက်ထပ်လက်စွပ်လည်း မဝတ်ထားပါလား” တဲ့။ အဲ့ဒီလို ပြောပြီး အခန်းထဲက ထွက်သွားခဲ့တယ်။ ကျွန်မကိုလည်း မထီမဲ့မြင် ကြည့်သွားသေးတယ်။

“ကို ဒါက ဘယ်လိုဖြစ်ရတာလဲ” လို့ ကျွန်မမေးခွန်းထုတ်မိတော့ ကိုက ဒီလိုပြန်ပြောတယ်။ “ယောက်ျားတွေဟာ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြဘူးဆိုတာ မင်းမကြားဖူးဘူးလား” တဲ့။ ကြားရတဲ့ ကျွန်မနားကို ကျွန်မကိုယ်တိုင်တောင် မယုံနိုင်တော့တဲ့အထိပဲ။

“ကို…..ရှင့် စီးပွားရေးအခြေအနေ အဆင်မပြေဖြစ်တုန်းက လက်ထပ်လက်စွပ်လေးကို ရောင်းပြီး ရှေ့ဆက်စေခဲ့တယ်။ လုပ်ငန်းအဆင်မပြေဖြစ်လို့ ရှင် ညအိပ်မပျော်နိုင်ခဲ့တဲ့ အချိန်တွေတုန်းကဆိုရင် ကျွန်မကိုယ်တိုင် ရှင့်အနားမှာထိုင်စောင့်ပြီး ရှင့်ကို အားပေးနေခဲ့တယ်။ ရှင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေပေးခဲ့တယ်။ ပြောပါဦး ကို ကျွန်မဘာတွေ မှားနေခဲ့လို့လဲ။” လို့ ပြောဖြစ်တော့ “မင်းကူညီပေးလို့ ငါအောင်မြင်လာတာ မဟုတ်ဘူး။ ငါ့ဘာသာငါ ကြိုးစားလို့ အောင်မြင်လာတာ” လို့ ကိုက ပြန်ပြောတယ်။ ပြီးတော့ ကိုက ကျွန်မကို ပြောလိုက်သေးတယ် “မင်း ထွက်သွား ငါမင်းကို အလိုမရှိတော့ဘူး” တဲ့။ ကျွန်မ နာကျင်စွာ နားမလည်ခြင်းများစွာနဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ ကို့ရှေ့က ပြေးထွက်လာခဲ့မိတယ်။ အဲ့ဒီနေ့ကစပြီး ကိုနဲ့ ကျွန်မ ဝေးသွားခဲ့တယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကိုနဲ့ ကွာရှင်းပြီးနောက် ကျွန်မ ကိုယ့်ဘဝနဲ့ကိုယ် ရပ်တည်နိုင်ဖို့ ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်လုပ်ကိုင်ခဲ့တယ်။ ကျွန်မလုပ်တဲ့ စီးပွားရေးက ထင်ထားတာထက် အောင်မြင်လာတယ်။ ငွေကြေး အတန်အသင့်ပြည့်စုံလာပြီး စုထားတဲ့ငွေတွေနဲ့ ကွန်ဒိုတိုက်ခန်းတစ်ခန်းဝယ်ဖြစ်တယ်။ ပြီးတော့ ကားအကောင်းစားတစ်စီးကိုလည်း ဝယ်စီးဖြစ်တယ်။

ကျွန်မ clients တွေနဲ့ တွေ့ဖို့သွားတဲ့ ကုန်တိုက်တစ်ခုမှာ ခင်ပွန်းဟောင်းကို အမှတ်မထင်တွေ့လိုက်တယ်။ သူ တော်တော်ပိန်သွားတာပဲ။ သူ ကျွန်မကိုမြင်တော့ ကျွန်မရှိရာနေရာကို လျှောက်လှမ်းလာတယ်။ ကျွန်မ သူ့ကို နှုတ်ဆက်ဖို့ ကားကိုခဏရပ်ပြီး ကားပေါ်ကဆင်းလိုက်တယ်။ ကိုကပြောတယ်။ “ဝိုး…..ဒါမင်းကားလား မိုက်လိုက်တာ” တဲ့။ “ဟုတ်တယ် ကျွန်မ လတ်တလောတင် ဒီကားကို ဝယ်ဖြစ်သွားတာ” လို့ ပြောဖြစ်လိုက်တယ်။ “မေ ကိုတို့ အရင်လို ပြန်လည် ပေါင်းစည်းကြရအောင်လား။” ကျွန်မ အံ့အားသင့်စွာနဲ့ပဲ “ရှင့်ရဲ့ အတွေးရေးမှူးမလေးကကော” လို့  သူ့ကို ပြန်မေးဖြစ်တယ်။

“သူ ကိုယ့်ကို တကယ်မချစ်ပါဘူးကွာ သူကိုယ့်အနားကို ကပ်ခဲ့တာက ငွေကြောင့်ပဲ။ ခုကိုယ့်ဆီက ပိုက်ဆံတွေအားလုံးလည်း သူချူလို့ ကုန်ပြီ။ ပိုဆိုးတာက သူက ကိုယ်တို့ ပြိုင်ဘက်ကုမ္ပဏီက လွှတ်ထားတဲ့ သူလျှိုဖြစ်နေတာပဲ။ ကိုယ့်ကုမ္ပဏီက ဒေတာတွေတစ်ဖက်ကို အကုန်ပေါက်ကြားသွားပြီး ကုမ္ပဏီအခြေအနေလည်း ယိုင်လဲသွားတော့တာပေါ့။ ခုတော့ ကိုယ်လမ်းပေါ်ရောက်နေပြီ မင်းမြင်တဲ့အတိုင်းပဲ။”

သူပြောတဲ့စကားတွေကို ကြားပြီး ကျွန်မ တရားကျမိတယ်။ သူကျွန်မကို ဘယ်လောက်ပဲ ခခယယ တောင်းပန်နေပါစေ တစ်ခါ ဖောက်ပြန်ဖူးတဲ့ ယောက်ျားတစ်ယောက်ဟာ နောက်တစ်ခါ မဖောက်ပြန်တော့ဘူးလို့ မပြောနိုင်ဘူးလေ။ ကျွန်မ ဘယ်လောက်ပဲ သဘောထားကြီးနေပါစေ မကောင်းတဲ့သူက မကောင်းတာပဲမဟုတ်လား။ ကျွန်မသူ့ကို အပြတ်ပဲ ပြန်ပြောလိုက်တယ်။ “ကျွန်မတို့ ဘယ်လိုမဖြစ်နိုင်တော့ဘူး ဆောရီးပါ” လို့။

ခင်ပွန်းဟောင်းကို နှုတ်ဆက်ပြီး ကျွန်မရဲ့ ကားအသစ်လေးကို စက်နှိုးပြီး မောင်းထွက်လာလိုက်တယ်။ သူဟာ သူကိုယ်တိုင်ပြုခဲ့တဲ့ ကံအကျိုးကို ခံစားနေရတာပဲ။ ကျွန်မ ခံခဲ့ရတာတွေနဲ့ ယှဉ်ရင် ခုသူဆုံးရှုံးလိုက်ရတာတွေက ဘာမှ မဟုတ်သေးပါဘူး။ ပြီးတော့ ဒီအခြေအနေထိ အောင်မြင်အောင် ဘဝကို တည်ဆောက်လာနိုင်ခဲ့တဲ့ ကျွန်မကိုယ် ကျွန်မကျေးဇူးတင်နေမိတယ်။ ဒီကနေ့ကစပြီး ကျွန်မရဲ့ ချစ်ခြင်းတရားတွေကို ကျွန်မဆီမှာပဲ ရင်းနှီးမြုပ်နှံလိုက်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ကျွန်မကိုယ် ကျွန်မထက် ဘယ်သူ့ကိုမှ ပိုမချစ်နိုင်တော့ဘူး။ ပြောကြပါဦး ကျွန်မရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ် မဟုတ်လား။