အချစ်ဟာ ရုပ်ချောတာ မချောတာနဲ့ သက်ဆိုင်သလား။

blank

ကျွန်တော်က အသက် ၂၄ နှစ်အရွယ် နာမည်ကြီး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတဲ့ လူငယ်တစ်ယောက်ပါ။ ကျွန်တော့်မှာ ကျွန်တော်အရမ်းချစ်ရတဲ့ ချစ်သူလေးတစ်ယောက်ရှိတယ်။ ကျွန်တော့်ချစ်သူက တခြားကောင်မလေးတွေလို အလှကြီးလှနေတဲ့ထဲတော့ မပါဘူး။ အသားဖြူဖြူ ခပ်ဝဝ ခပ်ပြည့်ပြည့်လေး။ မျက်နှာကလည်း တခြားသူတွေလို စင်းလုံးချောပုံစံမျိုးတော့ မဟုတ်ဘူး။ အမည်းစက်တွေ ဟိုတစ်စက် ဒီတစ်စက် အနည်းငယ်ရှိတယ်ဗျ။

တစ်ရက် ကျွန်တော်တို့ ကုမ္ပဏီမှာ သူဌေးက ပါတီလုပ်ဖို့ပြောတယ်။ ထုံးစံအတိုင်း PLUS ONE အနေနဲ့ ကြိုက်တဲ့သူ ခေါ်လာလို့ရတယ်ပေါ့။ ကျွန်တော်လည်း သူ့ကိုခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီနေ့က ရုံးစောဆင်းတော့ သူရုံးဆင်းချိန်သွားကြိုပြီး ပါတီလိုက်လာဖို့ ပြောပြလိုက်တယ်။ သူ့ကို ပြောပြနေတဲ့အချိန်မှာပဲ ကျွန်တော်တို့ ဘေးကနေ ခပ်လန်းလန်းကောင်မလေး တစ်ယောက် ဖြတ်သွားတော့ ကျွန်တော်ငေးလိုက်မိတယ်။ ဘေးက သူမေးနေတာတွေကို ကျွန်တော်မကြားမိလိုက်ဘူး။ “ချစ် ဘာပြောလိုက်တယ်” လို့ ကျွန်တော် မေးတော့ “ဘာမှ မဟုတ်တော့ဘူး” လို့သူက ပြန်ပြောတယ်။ ဒါနဲ့ ကျွန်တော်လည်း ဆက်မမေးဖြစ်တော့ဘူး။

ဒီလိုနဲ့ ပါတီပွဲနေ့ရောက်တော့ သူ့ကိုခေါ်ဖို့ ကျွန်တော် သူ့အိမ်ကို သွားခဲ့တယ်။ သူအလှပြင်နေတယ်ဆိုလို့ ကျွန်တော် ဧည့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့တယ်။ တစ်အောင့်ကြာတော့ သူ အခန်းထဲက ထွက်လာပြီး ကျွန်တော့်ကို မေးတယ်။ “ကို ချစ်ဒီနေ့ ဘာထူးခြားလဲ” တဲ့။ သူ့ကိုကြည့်ရတာ ဘာမှ မထူးခြားတာကြောင့် ကျွန်တော် “ဘာမှ မထူးဘူး ဒီတိုင်းပဲ” လို့ ပြောလိုက်မိတယ်။ မပြောမဆိုနဲ့ သူအခန်းထဲ ပြန်ဝင်သွားခဲ့တယ်။ သူ ပစ္စည်းတစ်ခုခု ကျန်ခဲ့လို့ သွားယူတာနေမှာပါ ဆိုပြီး ကျွန်တော် ဆက်စောင့်နေလိုက်တယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ခဏကြာတော့ သူ အိမ်နေရင်း ဝတ်စုံနဲ့ ပြန်ထွက်လာတာကို မြင်လိုက်ရတယ်။ ပြီးတော့ ကျွန်တော့်ကို ပြောသေးတယ်။ ပါတီကို သူမလိုက်တော့ဘူးတဲ့။ ကျွန်တော်က ဘာဖြစ်လို့လဲ လို့မေးတော့ သူဘာမှ မပြောဘူး။ လိုက်မယ် ပြောပြီး ခုမှ မလိုက်ဘူးဖြစ်သွားလို့ ကျွန်တော် စိတ်တိုပြီး “အခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ အမျိုးမျိုးပဲ” လို့သူ့ကို အော်ပြောပြီး ထွက်လာခဲ့တယ်။

ကျွန်တော့်ခေါင်းထဲ “သူ ဘာဖြစ်သွားတာလဲ” ဆိုတဲ့ မေးခွန်းတွေနဲ့ပဲ ပြည့်နေတယ်။ လူတွေအကုန် ပျော်နေကြတဲ့ ပါတီပွဲမှာ ကျွန်တော်တစ်ယောက်တည်း မပျော်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ ပါတီပြီးတော့ အိမ်ပြန်လာခဲ့တယ်။ အိပ်ချိန်ရောက်လို့ အိပ်မယ်လုပ်တော့ အိပ်လို့ မပျော်နိုင်ဘူး။ သူ့အကြောင်းပဲ ခေါင်းထဲ ရောက်လာတယ်။ ဘယ်လိုမှ မနေနိုင်တဲ့အဆုံး ကျွန်တော်သူ့ကို ဖုန်းခေါ်လိုက်မိတယ်။ ညနေက ဘာလို့ မလိုက်တာလဲဆိုတဲ့ အကြောင်းကို မေးဖြစ်တယ်။ သူက ကျွန်တော့်ကို ဒီလို ပြန်ပြောတယ်။

“ကိုရေ ကို့အမှား မဟုတ်ပါဘူး ချစ်ကလေ တခြားမိန်းကလေးတွေလို မလှဘူးမလား။ ချစ်က ဝလည်းဝတယ်၊ မျက်နှာမှာလည်း အမည်းစက်တွေနဲ့ အဲ့ဒီတော့ ကို ပါတီမှာ အားငယ်နေရမှာ စိုးရိမ်လို့ပါ။ ကို့သူငယ်ချင်းတွေကို မိတ်ဆက်ပေးဖို့ ချစ်က မထိုက်တန်ပါဘူး။ သူတို့ ရည်းစားလေးတွေက အလန်းလေးတွေ မဟုတ်လား” တဲ့။ သူဒီလိုပြောမှ ကျွန်တော်သူ့ကိုနားလည်သွားတယ်။ “မဟုတ်တာ ချစ်ရယ် ချစ်ကို ချစ်ခဲ့တာ ရုပ်ရည်နဲ့မဆိုင်ပါဘူး။ ချစ်ရဲ့ လှပတဲ့စိတ်ထားကလေးကို ကိုယ်က ချစ်တာပါ။ ပြီးတာ့ ချစ်ကို မလှဘူးလို့ ဘယ်သူက ပြောလဲ။ ချစ်က ကိုယ့်အတွက်တော့ ဒီကမ္ဘာမှာ အလှပဆုံး နတ်သမီးလေးတစ်ပါးပဲ။” ကျွန်တော်အဲ့ဒီလို ပြောပြီးနောက် သူ့ဘက်က ရယ်သံလွင်လွင်လေးနဲ့ တုံ့ပြန်တယ်။  ရယ်သံတစ်ဝက်နဲ့ သူက ပြန်ပြောတယ်။ “ကျေးဇူးတင်ပါတယ် ချစ်က ရုပ်မချောလို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်နေတာ” တဲ့။

မိန်းကလေးအများစုဟာ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး အားငယ်တတ်ကြတယ်ဆိုတာကို ကျွန်တော်အဲ့ဒီနေ့မှ သိလိုက်ရတယ်။ နောက်ပိုင်း ကျွန်တော့်ချစ်သူလေးကို သူက ကျွန်တော့်အတွက်တော့ အမြဲလှနေတယ်၊ ကျွန်တော်သူ့ကို အရမ်းချစ်တယ်ဆိုတဲ့ အကြောင်းတွေ နေ့တိုင်းပြောမယ်။ ဒီထက်ပိုပြီး သူ့ကို စိတ်ထိခိုက်ခွင့် စိတ်အားငယ်ခွင့်တွေ ကျွန်တော်မပေးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ပျော်ရွှင်မှုက ကျွန်တော့်ရဲ့ ပျော်ရွှင်မှုဖြစ်လို့ပါ။ ဒီနေ့ကစပြီး သူ့နှလုံးသားလေးကို ကျွန်တော် စောင့်ရှောက်သွားမယ်။ ဘယ်လိုလဲ ကျွန်တော့်လောက် ချစ်တတ်တဲ့သူ ဒီကမ္ဘာမှာ ရှိပါဦးမလား။