သင့်ကလေးကို သာယာတဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်စေချင်တယ်ဆိုရင်

blank

စာချစ်သူတို့ရေ…။

သားသမီးတွေအတွက် လက်ဦးဆရာတွေဟာ အနီးကပ်ဆုံးမှာ ရှိတဲ့ မိဘနှစ်ပါးပဲဖြစ်ပါတယ်။ သားသားမီးမီးလေးတွေဟာ လောကကြီးထဲကို ရောက်စကတည်းက မိဘနှစ်ပါးစီကနေ သွားပုံ၊ လာပုံ၊ စားပုံ၊သောက်ပုံနဲ့ စကားပြောဆိုဆက်ဆံပုံတွေအားလုံးကို မိဘတွေဆီကနေပဲ သင်ယူလာခဲ့ကြတာမဟုတ်လား။ ဒါ့ကြောင့် သင့်ရဲ့သားသမီးတွေ အရွယ်ရောက်လာတဲ့အခါ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်စေချင်တယ်ဆိုရင် လိုက်နာသင့်တဲ့အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

ဇနီးမောင်နှံအကြားမှာ ရိုင်းပြတဲ့ အပြုအမူတွေ၊ အကြမ်းဖက်မှုတွေကို မပြုလုပ်မိအောင် ရှောင်ကြဉ်ပါ။ သားသမီးတွေဟာ ရန်ပွဲတွေ၊ အကြမ်းဖက်မှုတွေကို မြင်ပါများလာတဲ့အခါ အချစ်ရေးတစ်ခုမှာ အဲ့ဒီလိုကိစ္စတွေက သာမန်ပဲလို့ ယူဆသွားနိုင်ပါတယ်။

ဇနီးမောင်နှံအကြား ချစ်ခင်ကြင်နာမှုတွေ၊ အပြန်အလှန်ဖြည့်ဆည်းပေးမှုတွေ တည်ဆောက်ထားပါ။ အဲ့ဒီလိုချစ်ခြင်းတရားတွေကို မြင်နေကျဖြစ်တဲ့ သင့်ရဲ့သားဟာ အမျိုးသမီးတစ်ယောက်ကို ချစ်ခင်ကြင်နာမှုတွေ ပေးရမယ်ဆိုတာကို နားလည်လာမှာဖြစ်သလို သင့်ရဲ့သမီးကတော့ ကိုယ်နဲ့ထိုက်တန်တဲ့ လေးစားမြတ်နိုးမှုတွေကို ရှာဖွေဖို့အရေးကြီးတယ်ဆိုတာ သဘောပေါက်လာနိုင်ပါတယ်။

ပြဿနာတွေ အခက်အခဲတွေကို ရန်ပွဲတွေနဲ့ မပြီးဆုံးမိအောင် သတိထားပါ။ ဇနီးမောင်နှံအကြားမှာ ပြဿနာတွေကို ရန်ပွဲနဲ့ဖြေရှင်းတာကို မြင်နေကျဖြစ်တဲ့ သားသမီးတွေဟာ ကိစ္စရပ်တိုင်းကို ဒေါသတကြီးဖြေရှင်းရမယ်လို့ လက်ခံလာနိုင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒါ့ကြောင့် သင့်ရင်သွေးကို သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုတည်ဆောက်စေချင်တယ်ဆိုရင်….။

သင့်အိမ်ထောင်ဖက်နဲ့ ခိုင်မြဲတဲ့ နားလည်မှုတွေကို တည်ဆောက်ထားပါ။

တစ်ယောက်ကိုတစ်ယောက် လိုအပ်တာထက်ပိုပြီး ထိန်းချုပ်တတ်တဲ့အကျင့်၊ အကြမ်းဖက်တတ်တဲ့ အကျင့်ကိုရှောင်ပါ။

တစ်ယောက်ကိုတစ်ယောက် ကြင်ကြင်နာနာဆက်ဆံပါ။

ပြဿနာတွေကို ဇနီးမောင်နှံနှစ်ဦးလုံး ခေါင်းချင်းဆိုင်ပြီး ရင်ဆိုင်ဖြေရှင်းပါ။

တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပါ။ ကိုယ်ပိုင်ဘဝတွေအတွက် အချိန်ပေးပါ။

သင့်ရင်သွေးကို သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်စေချင်တယ်ဆိုရင် သင်နဲ့ သင့်အိမ်ထောင်ဖက်အကြားမှာ ခိုင်မြဲတဲ့အချစ်ရေးတစ်ခု တည်ဆောက်ထားဖို့လိုပါတယ်။