အချစ်ဆုံး သူငယ်ချင်းရေ မင်းကို ဒါတွေ ကတိပေးထားချင်ပါတယ်။

blank

ချစ်ရတဲ့သူကြောင့် စိတ်ပင်ပန်းနေတာပဲဖြစ်ဖြစ်၊ မင်း စိတ်ထဲက သံသယကြောင့်ပဲဖြစ်ဖြစ် ငါ အမြဲမင်းအတွက် ရှိနေပေးဖို့ ကတိပေးတယ် သူငယ်ချင်း။

ပင်ပန်းပြီး ဘာမှမလုပ်နိုင်တဲ့အချိန်မျိုးမှာ မင်းကိုယ်တိုင် နာလန်ထူနိုင်အောင် ကူညီပေးဖို့ ကတိပေးတယ် သူငယ်ချင်း။

အထီးကျန်နေတဲ့ မင်းရဲ့ နှလုံးသားကို အဖော်ပြုပေးမယ်။ ချစ်သူကြောင့် ကျတဲ့ မျက်ရည်တွေကို နားလည်ပေးမယ်။  မင်းဟာ တန်ဖိုးထားထိုက်တဲ့ သူတစ်ယောက်ဆိုတာ မင်းယုံကြည်လာတဲ့အထိ အားပေးသွားမယ်လို့ ကတိပေးတယ် သူငယ်ချင်း။

မင်းလိုအပ်နေတဲ့အချိန်တိုင်း ရင်ဖွင့်စကားတွေကို နားထောင်ပေးမယ်။ စိတ်ညစ်နေတဲ့အခါတိုင်း မင်းကို ပြန်လည်ရယ်မောအောင် လုပ်ပေးမယ်လို့ ငါကတိပေးတယ် သူငယ်ချင်း။

အဆင်ပြေနေတဲ့အချိန်မှာ အတူရှိပြီး မင်းတစ်ယောက်တည်း ဝမ်းနည်းအားငယ်နေတဲ့ အချိန်ကျမှ စိတ်ပြောင်းသွားပြီး မင်းအနားကနေ ထွက်သွားမှာမဟုတ်ပါဘူး၊ မင်းအနားမှာ အမြဲရှိနေမယ်လို့ ငါ ကတိပေးတယ် သူငယ်ချင်း……

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စိတ်ဓာတ်ကျလွယ်တဲ့ မင်းကို စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက် ဖြစ်လာအောင် ကူညီပေးဖို့ ငါ့တာဝန်သာထားလိုက်၊ အရာအားလုံး သင့်တင့်အဆင်ပြေအောင် ကူညီပေးမယ်လို့ ကတိပေးတယ် သူငယ်ချင်း ။

အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့အခါ၊ တစ်စုံတစ်ယောက်ကို မကျေနပ်လို့ ရင်ဖွင့်ချင်တဲ့အခါ ငါအမြဲရှိနေမယ်လို့ ကတိပေးတယ်နော် သူငယ်ချင်း။

မလိုချင်လို့ မင်းငါ့ကို ဖယ်ခွာသွားရင်တောင် ၊ မအားလို့ ငါ့ကို အချိန်မပေးနိုင်ခဲ့ရင်တောင် ၊ မင်းငါ့ကို မလိုအပ်တဲ့အချိန်မျိုးမှာတောင် မင်းအနားမှာ အလိုက်တသိ ငြိမ်သက်စွာ ရှိနေပေးဖို့ ကတိပေးတယ် သူငယ်ချင်း။

ဘယ်လို အခြေအနေ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းဘက်က အမြဲရပ်တည်ပေးနေမယ့် မင်းရဲ့ သူငယ်ချင်း………