နောင်တတွေနဲ့ ကျန်နေခဲ့မယ့်အစား အမေ့ကို ဒီနေ့ကစပြီး ချစ်တယ်လို့ပြောလိုက်ပါ။

blank

အမေ့ကို ငိုအောင် လုပ်မိတဲ့အခါ အမေမရှိလို့ ငိုကြွေးဝမ်းနည်းနေရတဲ့ သူတွေအကြောင်း သတိရပေးပါ။ အခုထိ သက်ရှိထင်ရှားရှိနေသေးတဲ့ အမေ့ကို နားလည်တန်ဖိုးထားပေးပါ။ ကောင်းကင်ပေါ်ကနေ ကြယ်တစ်စင်း ကြွေကျသွားသလို သင့်အမေလည်း တစ်ချိန်ချိန်မှာ သင့်မျက်စိရှေ့ကနေ ဒီကမ္ဘာကြီးကနေ အပြီးတိုင် နှုတ်ဆက်ထွက်ခွာသွားနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

တချို့တွေက အမေတွေကို ဂေဟာတွေမှာ သွားရောက် စွန့်ပစ်ကြတယ်။ ကူကယ်ရာမဲ့နေတဲ့ အမေ၊ ချစ်ရတဲ့သူတွေနဲ့ ဝေးနေတဲ့အမေ ဘယ်လောက်များ ပူဆွေးနေလိမ့်မလဲ။ ဘာကြောင့်များ အမေ့ကို တစ်ယောက်တည်း ပစ်ထားရက်ကြတာလဲ။ အမေက လူဖြစ်အောင် မွေးဖွားပေးခဲ့တယ်။ အမေက သူ့အတွက် ဘယ်တော့မှ စိတ်မပူဘူး။ သားသမီးတွေကို သူပိုင်ဆိုင်တာတွေ အကုန်ပေးဝံ့တယ်။ သားသမီးတွေ စိတ်အားငယ်နေတဲ့အချိန်မျိုးမှာ ထွေးပွေ့ပြီး အားပေးတတ်ခဲ့တယ်။ အမေ့ကိုချစ်ပေးဖို့ အချိန်အခါကောင်းကို စောင့်နေစရာမလိုပါဘူး။ အချိန်မရွေးချစ်လို့ရပါတယ်။

အမေက သူ့ကိုယ်သူ အနစ်နာခံပြီး တစ်ဘဝလုံးစာ သင့်အတွက် ပေးဆပ်နေခဲ့ရတာပါ။ သားသမီးတွေ ကောင်းစားစေဖို့အတွက် ဘဝကိုအရှုံးမပေးဘဲ အလုပ်တွေဆက်တိုက်ကြိုးစားခဲ့တဲ့ အမေ…….သူအိုနေပြီ။  အရေပြားတွေ တွန့်နေပြီဖြစ်တဲ့ အမေ့လက်ကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အားပေးပါ။ အမေ့ကို ဂရုစိုက်ပေးပါ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမေက မေတ္တာတရားတွေ ရှေ့ထားပြီး သားသမီးတွေကို စောင့်ရှောက်ပေးခဲ့တယ်။ အမေနဲ့ ညှိနှိုင်းရ အဆင်မပြေတာတွေ နားလည်မှုလွဲတာတွေ ရှိကောင်းရှိနိုင်တယ်။ ဒီအခြေအနေတွေကို အမှတ်အတေး မထားရဘူးဆိုတာ သင်ရောအမေပါ ကောင်းကောင်းကြီး သိနေတယ် မဟုတ်လား။ အမေ့ကို ခွင့်လွှတ်ပါ။ ပွေ့ဖက်ပါ။ အများကြီး ချစ်တယ်လို့ ပြောပေးပါ။ ဘာကိုမှ စောင့်ဆိုင်းမနေဘဲ ဒီနေ့ပဲ အမေ့ကို ချစ်တယ်လို့ သွားပြောလိုက်ပါ။ အချိန်နှောင်းသွားတဲ့အခါမှ အမေ့ကို တမ်းတနေရတာမျိုးတွေ မဖြစ်ပါစေနဲ့။ အမေနဲ့ ထိုက်တန်တဲ့အချစ်တွေကို မပေးလိုက်ရတာမျိုးတွေ မဖြစ်ပါစေနဲ့။ အမေသေသွားမှ နောင်တတွေနဲ့ ကျန်ခဲ့ရတာမျိုးတွေ မဖြစ်ပါစေနဲ့။ ဒီနောင်တ တရားက သင့်ဘဝတစ်ခုလုံးကို လောင်မြိုက်သွားစေနိုင်တယ်နော်။

ဒါကြောင့် အမေ သင့်ကို ချစ်ပေးခဲ့သလို သင်လည်း သင့်မေမေကို အပြည့်အဝ ပြန်ချစ်ပေးပါ။ အမေ သင့်အပေါ်ထားရှိတဲ့ အချစ်တွေက နက်ရှိုင်းပြီး စစ်မှန်လွန်းလှတယ်လေ။

သင်ကော… သင့်မေမေကို ဒီနေ့အတွက် ချစ်တယ်လို့ ပြောပြီးပြီလား။