ကျွန်မချစ်သူဖြစ်လာမယ့် ရှင့်ဆီက ကျွန်မ သိထားချင်မိတဲ့ အကြောင်းလေးတွေ

blank

မကြာခင်မှာ ကျွန်မရဲ့ ချစ်သူဖြစ်လာတော့မယ့် ကောင်လေးရေ…

ရှင့်ချစ်သူတစ်ယောက်အနေနဲ့ ရှင့်အကြောင်းတွေကို အူမချေးခါးမကျန် ကျွန်မ အကုန်သိချင်ပါတယ်နော်။ ရှင့်အကြောင်းဆိုတဲ့နေရာမှာလည်း ရှင် အကြိုက်ဆုံးအရောင်၊ အကြိုက်ဆုံးအစားအစာတွေထက် ရှင့်ရဲ့ ဘဝအမှတ်တရလေးတွေအကြောင်းကို ပိုသိချင်တာပါ။ ရှင်ဟာ ငယ်ငယ်တုန်းက အရမ်းအဆော့မက်တဲ့ မျောက်လောင်းလေးလား။ စာအုပ်နဲ့ မျက်နှာလုံးဝမခွာတတ်တဲ့ စာဂျပိုးလေးလုံးလေးလား။ တည်ငြိမ်ချင်ယောင်ဆောင်နေတတ်တဲ့ ကုပ်ကမြင်းကောင်လေးတစ်ယောက်လား။ ပြီးတော့ စက်ဘီးစီးသင်ရင်း လက်ကျိုးဖူးခဲ့တဲ့အကြောင်း၊ သစ်ပင်ပေါ်က ပြုတ်ကျဖူးတဲ့အကြောင်း၊ ကျောင်းလစ်လို့ အတန်းရှေ့ထွက် အရိုက်ခံရတဲ့အကြောင်း ဒီလိုအမှတ်တရလေးတွေကော ရှင့်မှာ ရှိခဲ့ဖူးလားဆိုတာကို ကျွန်မ အရမ်းသိချင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရှင့်ဘဝမှာ အထီးကျန်လိုက်တာလို့ တွေးခဲ့မိဖူးတဲ့အချိန်တွေအကြောင်း၊ ရှင့်ဘဝရဲ့ အိပ်မက်ဆိုးတွေအကြောင်း၊ ရှင့်ဘဝမှာ တစ်ယောက်တည်း ရုန်းကန်ဖြေရှင်းခဲ့ရတဲ့အခက်အခဲတွေအကြောင်းအားလုံးကို ရှင့်ချစ်သူဖြစ်တဲ့ ကျွန်မဆီမှာ ရင်ဖွင့်ပါနော်။ ပြီးတော့ ဘယ်သူ့ကိုမှ မပြောပြဖူးခဲ့တဲ့ ကလေးဘဝတုန်းက လျှို့ဝှက်ချက်လေးတွေ၊ ရှင်တွေးမိခဲ့တဲ့ ကလေးဆန်ဆန် အူကြောင်ကြောင်အတွေးလေးတွေအကြောင်းကိုလည်း ကျွန်မကို ပြန်ပြောပြပါ။ ရှင့်ရဲ့ ဒူးပေါ်က အမာရွတ်ကို ဘယ်လိုရခဲ့တယ်ဆိုတဲ့အကြောင်း၊ ရှင်ရဲ့ လက်မစုပ်တတ်တဲ့အကျင့်တွေအကြောင်းလည်း ချန်မထားပါနဲ့။ ရှင့် အချစ်ဦးအကြောင်း၊ ရှင့်ရဲ့ ပထမဆုံးအသည်းကွဲဇာတ်လမ်းလေးအကြောင်းကတော့ ကျွန်မ အသိချင်ဆုံးပါပဲ။ ရှင့်ချစ်သူတစ်ယောက်အနေနဲ့ ရှင့်အကြောင်းတွေအားလုံးကို သိထားချင်ပြီးတော့ ရှင့်ကိုပဲ တစ်ဘဝလုံးစာ လက်တွဲသွားချင်လို့ပါနော်။

စာချစ်သူတို့ကော ချစ်သူရဲ့ ဘယ်လိုအကြောင်းအရာလေးတွေ သိထားချင်မိလဲ…