ညီ၊ ညီမတွေနဲ့ ရင်းနှီးနွေးထွေးလာစေနိုင်မယ့် နည်းလမ်းများ

blank

သားရေ…သားဟာ သားရဲ့ ညီနဲ့ ညီမအပေါ်မှာ ချစ်ခင်ပေမယ့် ရင်းနှီးနွေးထွေးမှုမရှိဘဲ ခပ်တန်းတန်းဖြစ်နေတာကို အမေ သတိထားမိပါတယ်။ တကယ်တော့ သားရယ် အစ်ကိုကြီးတစ်ယောက်ဖြစ်ရခြင်းဟာ တာဝန်ကြီးတယ်ဆိုပေမယ့် လက်ဆောင်တစ်ခုပါ။ မောင်နှမတွေပဲလေ အမြဲတမ်းတည့်ရှုနေတယ်ဆိုတာတော့ ဘယ်ရှိပါ့မလဲ။ သူတို့နဲ့ ရင်းရင်းနှီးနှီးနေချင်ပေမယ့် ဘယ်ကစလုပ်ရမှန်းမသိ ဖြစ်နေတဲ့ သားအတွက် အစ်ကိုကောင်းတစ်ယောက်ဖြစ်လာအောင် လုပ်နိုင်မယ့် နည်းလမ်းလေးတွေ အမေ ပြောပြမယ်နော်။ ပင်ပန်းတယ်ဆိုရင်တောင်မှ ကိုယ့်ညီ၊ ညီမတွေနဲ့ ပိုမိုရင်းနှီးလာတယ်ဆိုရင် ဒါဟာ ထိုက်တန်တာပဲမလား။

အဆင့် (၁)

ပထမဆုံးအနေနဲ့ သား ညီ၊ ညီမတွေ သားကို လိုအပ်တဲ့အချိန်တွေမှာ သူတို့အတွက် အမြဲအသင့်ရှိနေပေးပါ။ သူတို့ဘဝအတွက် အရေးကြီးတဲ့နေ့တွေမှာ အတူရှိနေပေးပါ။ သူတို့ ဘွဲ့ယူတဲ့အခမ်းအနားကို အစ်ကိုကြီးတစ်ယောက်အနေနဲ့ မဖြစ်မနေတက်ရောက်ပေးသင့်တာတော့ သားသိပြီးသားပါ။ ပြီးတော့ သားရဲ့ ညီ၊ ညီမတွေက သူတို့ကိုယ်တိုင်ဦးဆောင်တဲ့ အစီအစဉ်၊ အခမ်းအနားရှိတဲ့အခါမှာ သားကို တက်ရောက်စေချင်ကြတယ် သားရဲ့။ တတ်နိုင်သမျှ အချိန်ပေးပြီး တက်ရောက်ပေးပါ သားရယ်။

အဆင့် (၂)

သားရဲ့ ညီ၊ ညီမတွေ ပြောတဲ့စကားတွေကို အာရုံစိုက်ပြီး နားထောင်ပေးကြည့်ပါ။ နားထောင်တယ်ဆိုတာ ကိုယ်ချင်းစာနာစိတ်ဖြန့်ဝေပေးတာပဲ သားရဲ့။ တကယ်တော့ နားထောင်ခြင်းဆိုတာ relationships အားလုံးအတွက် အရေးကြီးတဲ့အရာတစ်ခုပါ။ သူတို့စကားတွေကို သေချာနားထောင်ပေးမှ သူတို့ခံစားချက်တွေကို သားကောင်းကောင်းနားလည်နိုင်မှာပေါ့။

အဆင့် (၃)

ငါက အကြီးပဲ ဆိုပြီး ညီ၊ ညီမတွေအပေါ်မှာ နိုင်ထက်စီးနင်းလုပ်တတ်တဲ့ အကျင့်မျိုး အမေ့ သားမှာမရှိတာ အမေ သိပြီးသားပါ။ အငယ်တွေအပေါ်မှာ ထိုက်သင့်တဲ့လေးစားမှုလေးထားပေးတာက သားကို သူတို့ ပိုချစ်ခင်လာစေလိမ့်မယ် သားရဲ့။ သူတို့ရွေးချယ်မှုတွေကို ဝေဖန်မနေဘဲ အသိအမှတ်ပြုပေးပါ။ သူတို့အကျိုးအတွက် ထိခိုက်စေမယ့်အရာတွေကို သူတို့လုပ်မိနေလား သတိထားကြည့်ပါ။ ဒါပေမဲ့ အတင်းအကြပ်တော့ မပြောင်းလဲခိုင်းပါနဲ့။ သူတို့ ချစ်သူ၊ သူငယ်ချင်းတွေနဲ့လည်း အလိုက်အထိုက် ဆက်ဆံပေးပါ သားရယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဆင့်(၄)

သား ညီ၊ ညီမတွေနဲ့ အတူအချိန်ကုန်ဆုံးကြည့်ပါ။ ဒီလိုမျိုး အချိန်ပေးခြင်းက မောင်နှမတွေကို သံယောဇဉ်တွေ ပိုမိုတိုးပွားစေတယ်လေ။ သားတို့ ကြိုက်နှစ်သက်တဲ့ အရာလေးတွေကို ညှိနှိုင်းဆောင်ရွက်ကြည့်ပါ။ အတူတူလုပ်တဲ့အရာတွေ များလေလေ အမှတ်တရတွေ များလေလေပါပဲ။ သူတို့နဲ့ အတူတူ ခရီးထွက်ပါ။ သူတို့ အဆင်ပြေရဲ့လားလို့ စကားပြောဆိုကြည့်ပါ။ ဘာတွေပဲလုပ်လုပ်ပါ။ မောင်နှမတွေ အချိန်အတူတူကုန်ဆုံးခြင်းက အဖိုးတန်ပါတယ်။

အဆင့် (၅)

ညီငယ်၊ ညီမငယ်တွေ အကူအညီလိုတိုင်း ထောက်ပံ့အားပေးတတ်တဲ့ အစ်ကိုကြီးတစ်ယောက်ဖြစ်ပါစေ သားရေ။ ထောက်ပံ့အားပေးတယ်ဆိုတဲ့နေရာမှာလည်း ငွေကြေးအရ ထောက်ပံ့အားပေးရတာရှိမယ်။ စိတ်ဓာတ်ခွန်အားဖြစ်အောင် ထောက်ပံ့အားပေးရတာရှိမယ်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သားရဲ့ အကူအညီလိုအပ်တိုင်း သားဟာ ကူညီအားပေးဖို့ အသင့်ဖြစ်နေတယ်ဆိုတာ သား ညီနဲ့ ညီမကို သိရှိပါစေ။ တကယ်တော့ အချစ်နဲ့ ဂရုစိုက်မှုတွေဟာ relationship တစ်ခုမှာ မရှိမဖြစ်လိုအပ်တဲ့အရာတွေပဲ သား သဘောပေါက်ထားပြီးသားမလား…။

ဒီစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။