အောင်မြင်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ ဘယ်အရာတွေ လိုအပ်လဲ။

blank

ရန်ဗီး ဆင်း (Ranveer Singh) နဲ့ ဒီပီကာ ပါဒူကုန်း (Deepika Padukone) ရဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်းလေးဟာ သင့်ကို ဒဏ္ဍာရီပုံပြင်ဆန်တဲ့ အချစ်ဇာတ်လမ်းတွေ အမှန်တကယ်ရှိတယ်လို့ လက်ခံယုံကြည်စေပါလိမ့်မယ်။ ၂ဝ၁၃ ခုနှစ်မှာ ဆန်ဂျေး လီလာ ဘန်ဆယ်လီ (Sanjay Leela Bhansali) ရိုက်ကူးတဲ့ ဂိုလီယိုကီ ရက်စ်လီးလာ ရမ် လီလာ (Goliyon Ki Rasleela Ram-Leela) ဇာတ်ကားမှာ သူတို့နှစ်ယောက် စတင်ချစ်ကြိုက်ခဲ့ပါတယ်။ သမီးရည်းစားဘဝနဲ့ ခြောက်နှစ်တာ လက်တွဲခဲ့ပြီးမှ လက်ထပ်ခဲ့ကြတာပါ။ မီဒီယာတွေ၊ ပရိသတ်တွေကို ပုန်းလျှိုးပြီး အီတလီနိုင်ငံရဲ့ လိတ်ခ် ကိုမို (Lake Como) မှာ မင်္ဂလာပွဲကို ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ အချစ်ငှက်မောင်နှံလေးဟာ လူတကာရဲ့ ချောင်းမြောင်းကြည့်ရှုနေကြတဲ့ မျက်လုံးတွေကနေ ဖယ်ခွာပြီးတော့ အိမ်ထောင်သည်ဘဝကို ဝင်ရောက်ခဲ့ကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မင်္ဂလာဆောင်ပြီး တစ်လလောက်ကြာမှ အင်တာဗျူးတွေကို ပြန်လည်လက်ခံဖြေဆိုခဲ့ပါတယ်။ ဒီပီကာက “ရန်ဗီးကို လက်ထပ်ခြင်းဟာ ကျွန်မဘဝမှာ ဖြစ်ခဲ့သမျှအရာအားလုံးထဲက အကောင်းဆုံးတစ်ခုပါ” လို့ သူမက ဖွင့်ဟပြောခဲ့ပါတယ်။

အသက် (၃၃) နှစ်ရှိပြီဖြစ်တဲ့ မင်းသမီးဟာ “လက်ထပ်ခြင်းဟာ လှပလွန်းပါတယ်။ ချစ်သူစုံတွဲတိုင်း လက်ထပ်သင့်တယ်ဆိုပေမယ့် စုံတွဲတိုင်း သိရမှာတစ်ခုတော့ ရှိပါတယ်။ တစ်စုံတစ်ယောက်က တိုက်တွန်းလို့၊ တွဲတာကြာလာလို့၊ အသက်ကြီးလာလို့၊ မိဘတွေက လက်ထပ်စေချင်လို့ စတဲ့ ဖိအားတွေကြောင့် လက်မထပ်ပါနဲ့။ ကိုယ့်ဘဝတစ်ခုလုံးကို သူနဲ့အတူတူဖြတ်သန်းချင်တယ်လို့ နှလုံးသားကကော ဦးနှောက်ကပါ အပြည့်အဝထောက်ခံချက်ပေးတဲ့ သူတစ်ယောက်ကို တွေ့လာမှသာ လက်ထပ်ပါ” လို့ဆိုခဲ့ပါတယ်။

ပြီးတော့ “အရေးအကြီးဆုံးကတော့ ကိုယ့်အပေါ် နားလည်ပြီးတော့ တန်ဖိုးထားလေးစားတဲ့သူကို ရှာဖွေပါ။ အောင်မြင်တဲ့ relationship တစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် ယုံကြည်မှု၊ ခင်မင်မှုနဲ့ အပြန်အလှန်လေးစားမှုရှိဖို့ဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။” တဲ့။

စာချစ်သူတို့ကော အောင်မြင်တဲ့ relationship တစ်ခုမှာ ဘယ်အရာတွေက အရေးကြီးတယ်လို့ ထင်မိလဲ။