ချစ်လှစွာသော အချစ်ရေ….

blank

အချစ်ရေ….။

“အ” နဲ့ “ချစ်” နှစ်လုံးတည်းပါတဲ့ မင်းဟာ နားလည်ဖို့ခက်လိုက်တာ။ သိမ်မွေ့လွန်းတဲ့မင်းဟာ ဘာကြောင့်များအဲ့ဒီလောက်နက်နဲရတာလဲကွာ။

မင်းဟာ အပြုံးတွေ၊ ကတိစကားတွေနဲ့ အပေါ်ယံသကာအုပ်ပြီး နာကျင်ကြေကွဲမှုတွေကို ကြည့်ကောင်းအောင် ပုံပြောင်းထားခဲ့တယ်။ ဘယ်လောက်အင်အားကြီးတဲ့သူမဆို မင်းရှေ့မှာ ဒူးထောက်အရှုံးပေးစေတယ်။ နှလုံးသားကိုလှိုက်မောစေတယ်။

မင်းဟာတစ်သက်တာလုံးမှာ အတူရှိနေမယ်ထင်ရစေတဲ့ ပျော်ရွှင်မှုအလင်းရောင်တွေကို ပြတယ်။ ပြီးရင် မှောင်မည်းတိတ်ဆိတ်တဲ့ အထီးကျန်မှုတွေပေးခဲ့ပြီး ပျောက်ကွယ်သွားပြန်ရော။

မင်းနဲ့ပတ်သက်ပြီး သီချင်းတွေရေးကြတယ်။ မင်းကိုအခြေခံပြီး ဇာတ်ကားတွေလည်း ရိုက်ကြတယ်။ မင်းကြောင့်ဖြစ်တဲ့ ရန်ပွဲတွေ၊ မင်းကြောင့်ဆုံးရှုံးသွားတဲ့ အသက်တွေတောင် ရှိတယ်။ တချို့ကတော့ မင်းကိုစနောက်၊ ကစားသွားပြီး နှလုံးသားနဲ့ ခံစားချက်တွေကိုအဖိုးမတန်တော့သလို လုပ်သွားတတ်ကြတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မင်းဟာ လူတိုင်းရှာဖွေနေတဲ့ နွေးထွေးမှုတစ်ခုလား။ တချို့လူတွေက မင်းကိုရှာဖွေရင်း၊ မင်းကိုနားလည်အောင်ကြိုးစားရင်း တစ်ဘဝလုံးကုန်သွားတယ်။ မင်းကိုပွေ့ဖက်ရင်း လုံခြုံနွေးထွေးမှုတွေကို ခံစားရဖို့ မျှော်လင့်တတ်ကြတယ်။ မင်းရဲ့ချိုသာတဲ့စကားလုံးလေးတွေကိုပဲ နားထောင်ချင်စိတ်ဖြစ်နေတတ်ကြတယ်။ မင်းဟာသူတို့နှလုံးသားရဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းအစတစ်ခုလို့ ထင်နေတတ်ကြတယ်။ တို့ဟာလည်းပဲ အဲ့ဒီလူတွေထဲကတစ်ယောက်ပဲပေါ့။

ဒါပေမဲ့ မင်းဟာတို့ဘဝထဲမှာ ဘယ်တော့မှ အကြာကြီးမနေခဲ့ဘူး။ တို့ဟာမင်းရင်ခွင်ထဲမှာ သက်တောင့်သက်တာရှိနေပြီလို့ ခံစားရတဲ့အချိန်မှာ မင်းကဗြုန်းဆို ပျောက်သွားခဲ့တယ်။ ဂရုစိုက်ခံရခြင်းရဲ့အရသာတွေကို သိအောင်မင်းပြောပြခဲ့တယ်။ တစ်စုံတစ်ယောက်က ပိုင်ဆိုင်လိုတဲ့ အရာဖြစ်ရခြင်းရဲ့ ချိုမြခြင်းတွေကို မြည်းစမ်းစေခဲ့တယ်။ အခြားသူတစ်ယောက်ရဲ့ အပြုံးတွေကြောင့် ကိုယ်လည်းပျော်ရွှင်ရပါလားဆိုတဲ့ ခံစားချက်တွေကို သိစေခဲ့တယ်။ ဘဝမှာမေ့ပျောက်လို့မရတဲ့ အမှတ်တရအချို့ကို မင်းကထားခဲ့ပေးတယ်။ ဒါပေမဲ့လည်းလေ မင်းရောက်ခဲ့တဲ့ အချိန်ဟာ သိပ်ကိုတိုတောင်းလွန်းလှပါတယ်။

ချစ်လှစွာသော အချစ်ရေ….။

မင်းကြောင့်တစ်ခါတလေမှာ နာကျင်ခဲ့ရပေမယ့်လည်းလေ လရောင်အောက်က အနမ်းတွေ၊ ကြယ်တွေနဲ့အတူ ဖူးပွင့်ခဲ့တဲ့ မျှော်လင့်ချက်တွေအတွက်မင်းကိုကျေးဇူးတင်ပါတယ်။ မင်းရောက်လာခဲ့တဲ့အတွက် မျက်ရည်တွေကျခဲ့ရရင်တောင် မင်းသာရောက်မလာခဲ့ရင် အပြုံးတွေရဲ့ အဓိပ္ပါယ်ကိုသိခဲ့မှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် တို့ဘဝထဲကို တစ်ကြိမ်တစ်ခါ ဝင်လာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အချစ်ရေ။ မင်းပြန်သွားတဲ့အခါ  မီးလေးကိုပိတ်ထားခဲ့ပေးပါ။ အခန်းတံခါးလေးကို စေ့ထားပေးခဲ့ပါ။ နာကျင်ကြေကွဲနေတဲ့ နှလုံးသားကိုဖာထေးဖို့ အချိန်ယူရဦးမယ်။ ပြီးတော့ နောက်ထပ်ပုံစံတစ်မျိုးနဲ့ မင်းရောက်လာခဲ့ရင် မင်းကိုစောင့်ကြိုဖို့ ခဏလောက်တိတ်တိတ်လေးနေရဦးမယ်။

နောက်တစ်ခါရောက်လာခင်ရင် အကြာကြီးနေပါဦးလို့လည်း မှာပါရစေ။