ရည်းစားစကားလိုက်ပြောလို့ ကောင်မလေးက ငြင်းလိုက်တဲ့အခါ…။

blank

ကိုယ်ချစ်နေတဲ့ကောင်မလေးတစ်ယောက်ကို ချစ်တဲ့အကြောင်းဖွင့်ပြောလိုက်လို့ ကောင်မလေးက မချစ်နိုင်တဲ့အကြောင်း ငြင်းလိုက်တဲ့အခါ…

တချို့အမျိုးသားတွေက ယဉ်ယဉ်ကျေးကျေးပဲ ပြန်နောက်ဆုတ်သွားတတ်ကြတယ်။
တချို့တွေက ဝမ်းနည်းကြေကွဲပြီး အဝေးကငေးကြည့်နေရုံနဲ့ ကျေနပ်နေတတ်ကြတယ်။
တချို့တွေကတော့ ခံပြင်းတဲ့စိတ်နဲ့ “သူကများငြင်းရသေးတယ်” ဆိုတဲ့ မာန၊ မရရအောင် လိုက်ပြမယ်ဆိုတဲ့ ဒေါသတွေဖြစ်နေတတ်တယ်။ “ကားတင်ပြေးလိုက်.. နာမည်ပျက်သွားရင် မဖြစ်မနေယူလိမ့်မယ်” တို့ “ဖက်သာနမ်းပစ်လိုက်ကွာ… ချစ်သွားလိမ့်မယ်” တို့ မြှောက်ပေးတဲ့ အပေါင်းအသင်းတွေရှိရင် ပိုဆိုးတာပေါ့။

ရုပ်ရှင်တွေထဲမှာလည်း ကောင်မလေးတွေက အတင်းစကားလိုက်ပြောတဲ့သူကို ပြန်ချစ်သွားတာတို့၊ လက်ကိုလှမ်းဆွဲတာ၊ လမ်းသရဲဆန်ဆန် အပြုအမူတွေကို ခိုက်သွားတာ စတဲ့ အမြင်မျိုးကို ပေးထားပါတယ်။ မင်းသားက မင်းသမီးကို လိုက်နောက်ယှက်ရင်း နောက်ဆုံးမှာ ညားသွားလေသတည်း ဆိုတာ ဇာတ်ကားတွေထဲမှာပဲရှိပါတယ်။
ကိုယ့်ကို အတင်းလိုက်နှောင့်ယှက်တဲ့ ကောင်လေးကို ဘယ်မိန်းကလေးကမှ မကြွေပါဘူး။ ကိုယ့်ကိုတန်ဖိုးထားမြတ်နိုးတဲ့ အမျိုးသား၊ နှလုံးသားအဆင့်အတန်းမြင့်တဲ့ အမျိုးသားကိုပဲ မိန်းကလေးအများစုက ချစ်သူအဖြစ် လက်တွဲချင်ကြတာပါ။ အကယ်၍ အခြားလူတွေ မြှောက်ပေးလို့ မိန်းကလေးတစ်ယောက်ကို အတင်းလိုက်နှောင့်ယှက်တော့မယ်၊ ကားတင်ပြေးတော့မယ်၊ ဖက်နမ်းတော့မယ်လို့ စိတ်ကူးထားတယ်ဆိုရင် ဇာတ်ကားတွေမှာဘယ်တော့မှ ထည့်မရိုက်တဲ့ ထောင်ကျတဲ့အခန်းကိုပါ ထည့်ပြီးပုံဖော်ထားပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားဆိုတာ ဓားပြတိုက်ပြီး ရယူလို့ရတဲ့အခါ၊ ခြိမ်းခြောက်ပြီးရယူလို့ရတဲ့ အရာမဟုတ်ပါဘူး။ ရင်ခုန်သံတွေ၊ ကြင်နာမှုတွေ၊ ဂရုစိုက်မှုတွေအပြင် နှလုံးသားချင်းနီးစပ်မှုတွေကိုပါ အရင်းပြုရတဲ့အရာပဲဖြစ်ပါတယ်။ သင့်နှလုံးသားထဲမှာရှိတဲ့ ချစ်ခြင်းတရားဟာ အဆင့်မြင့်ပြီးသားပါ။ တစ်စုံတစ်ယောက်က စီစဉ်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေထဲက ဇာတ်ကောင်းတွေအတိုင်း လိုက်မလုပ်ပါနဲ့။ သင့်နှလုံးသားအတွက် စီစဉ်ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းလေးကို အကြမ်းဖက်မှုတွေမပါအောင် ဂရုစိုက်ပါနော်။