အမေတစ်ယောက်သာနားလည်နိုင်မယ့် အမေတစ်ယောက်ရဲ့ အတွေးများ

blank

လူတွေကပြောကြတယ်။ ကလေးမွေးပြီး ခြောက်ပတ်အကြာမှာ ကလေးနဲ့ နေသားကျသွားလိမ့်မယ်တဲ့။ “နေသားကျသွားမယ်” ဆိုတာ အရင်ကနဲ့ မတူတော့တဲ့ ဘဝတစ်ခုဖြစ်သွားလိမ့်မယ်ဆိုတာ သူတို့တွေမသိလို့ပါ။

လူတွေကပြောကြတယ်။ အမေဖြစ်လာရင် အရာရာက အလိုလို တတ်မြောက်သွားလိမ့်မယ်တဲ့။ “မွေးကင်းစကလေးလေးနဲ့ ဘာကြောင့်ငိုတာလဲမသိဘူး အပါအဝင် တစ်ထောင့်တစ်ညပုံပြင်တွေ” အကြောင်း သူတို့တွေမသိလို့ပါ။

လူတွေကပြောကြတယ်။ အမေဖြစ်လာရင် ဘဝကပျင်းစရာကြီးတဲ့။ ပတ်ပြေးနေတဲ့ကလေးကို ထမင်းပြေးခွံ့ရင်း မောဟိုက်နေရတဲ့နေ့တွေအကြောင်း သူတို့တွေမသိလို့ပါ။

လူတွေကပြောကြတယ်။ အမေကဆိုဆုံးမတာကောင်းရင် ကလေးကလိမ္မာတယ်တဲ့။ ကလေးတွေက ဆယ်ခွန်းပြောရင် နှစ်ခွန်းလောက်ပဲ နားထောင်တယ်ဆိုတာကို သူတို့တွေမသိလို့ပါ။

ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

လူတွေကပြောကြတယ်။ မိန်းမကောင်းဆိုတာ အသံကျယ်ကျယ်စကားမပြောရဘူးတဲ့။ တီဗွီရီမုဒ်လုရင်း ရန်ဖြစ်နေတဲ့ ကလေးနှစ်ယောက်ကို လေသံအေးအေးနဲ့ ဖျန်ဖြေလို့မရဘူးဆိုတာ သူတို့တွေမသိလို့ပါ။

လူတွေကပြောကြတယ်။ အမေဖြစ်ဖို့ ပညာတတ်ဖို့ မလိုဘူးတဲ့။ သင်္ချာပုစ္ဆာတွက်နေရင်း “ဒီပုစ္ဆာမတွက်တတ်ဘူး” လို့ ကလေးတွေက အော်ခေါ်တိုင်း ဆရာမဂိုက်ဖမ်းရတယ်ဆိုတာ သူတို့မမြင်ဖူးလို့ပါ။

လူတွေကပြောကြတယ်။ တစ်ဦးသားသမီးကို မိခင်တွေက အချစ်ဆုံးတဲ့။ မိခင်ဆိုတာ သားသမီးငါးယောက်ရှိရင်တောင် တစ်ယောက်ကိုပုံစံတစ်မျိုးနဲ့ အစွမ်းကုန်ချစ်တတ်ဆိုတာ သူတို့မသိလို့ပါ။

လူတွေကပြောကြတယ်။ မိခင်တစ်ယောက်အတွက် အခက်ခဲဆုံးအချိန်က မီးဖွားရတဲ့အချိန်တဲ့။ ကလေးလေးကျောင်းစတက်တဲ့အချိန် ပထမဦးဆုံးခွဲခွာရတဲ့အခါ ခံစားရတဲ့ နာကျင်မှုတွေအကြောင်း သူတို့တွေ မသိလို့ပါ။

လူတွေကပြောကြတယ်။ သားသမီးတွေ အိမ်ထောင်ကျသွားရင် သူတို့အတွက် စိတ်ပူစရာမလိုတော့ဘူးတဲ့။ အဲ့ဒီလိုပြောတဲ့သူတွေက အသစ်တိုးလာတဲ့ မိသားစုဝင်တွေအတွက်ပါ တွေးပူပေးရတဲ့ဘဝကို မကြုံဖူးသေးလို့ပါ။

ကလေးတွေအားလုံးအိမ်ထောင်ကျသွားရင် အေးအေးဆေးဆေးနေလို့ရပြီတဲ့။ မျောက်ရှုံးအောင်ဆော့တဲ့ မြေးလေးတွေကို မထိန်းဖူးလို့ပါ။

လူတွေကပြောကြတယ်။ အမေဆိုတာ သားသမီးတွေရဲ့ ရင်ထဲကစကားတွေကိုအလိုလိုသိတယ်တဲ့။ ဒါ့ကြောင့်အမေ့ကိုချစ်တဲ့အကြောင်း ဖွင့်ပြောဖို့မလိုဘူးတဲ့။ အဲ့ဒီလိုပြောတဲ့သူတွေဟာ အမေတစ်ယောက်ရဲ့ ခံစားချက်ကိုနားမလည်လို့ပါ။

အမေဆိုတာ ဘယ်အရွယ်ကိုပဲရောက်သွားရောက်သွား သားသမီးတွေဆီက ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တာပဲလေ။ သင့်အမေကိုချစ်တယ်ဆိုတဲ့အကြောင်းပြောပြဖို့ မမေ့ပါနဲ့နော်။