နတ်သမီးလေးရဲ့ သက်တော်စောင့်

blank

ကောင်းကင်ဘုံမှာ နတ်သက်ကြွေပြီး လူသားအဖြစ် တစ်ဖန်ပြန်လည်မွေးဖွားဖို့ အသင့်ဖြစ်နေတဲ့ နတ်သမီးလေးတစ်ပါးဟာ နတ်သက်မကြွေခင် အချိန်လေးမှာ ကောင်းကင်ရဲ့ အကြီးအမှူးနတ်သားကို မေးခွန်းတစ်ချို့ မေးမြန်းနေခဲ့တယ်။

“ကောင်းကင်ဘုံမှာရှိတဲ့ သူတွေ အားလုံး ပြောနေပုံအရ သင်က ကျွန်ုပ်ကို မနက်ဖြန် လူ့ပြည်ပို့တော့မယ်တဲ့။ အဲ့ဒီမှာ အန္တရာယ်နဲ့ ကြုံတွေ့ရပြီး ကျွန်ုပ်တစ်ယောက်တည်း ကူကယ်ရာမဲ့ ဖြစ်နေရင် ဘယ်လိုလုပ်ရပါ့မလဲ။” ဆိုပြီး အရင်ဆုံး မေးခွန်းထုတ်လိုက်သတဲ့။

“လူ့ပြည်မှာရှိတဲ့ နတ်သမီးတွေထဲကမှ သင့်အတွက် သင့်တော်မယ့် သူတစ်ယောက်ကို ကျွန်ုပ် ရွေးချယ်ထားပြီးပါပြီ။ သူက သင့်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ အသင့်စောင့်နေပါလိမ့်မယ်။” လို့ နတ်သားက နတ်သမီး လေးအမေးကို ပြန်ဖြေလိုက်ပါတယ်။

“ဒါပေမဲ့ ဒီမှာဆိုရင် သီချင်းဆိုရတယ်။ ပျော်ရွှင်ရတယ်။ ဘာမှ အထူးတလည်လုပ်နေရတာမျိုး မဟုတ်ပေမယ့် ဒါက ကျွန်ုပ်ကို စိတ်ကျေနပ်မှုပေးပြီး ပျော်ရွှင်စေတယ်။” ဆိုပြီး နတ်သမီးလေးက နတ်သားကို ထပ်မေးလိုက်တယ်။

“အသင့်ရဲ့ နတ်သမီးက နေ့တိုင်း သီချင်းတွေသီဆိုပေးမှာပါ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အချစ်တွေနဲ့ ပျော်ရွှင်မှု အကြောင်းတရားတွေကို သင်ခံစားသိရှိလာပါလိမ့်မယ်။” ဆိုပြီး နတ်သားကြီးက ပြန်ဖြေလိုက်သတဲ့။

“လူ့ပြည်မှာ လူတွေ ပြောနေကြတဲ့ ဘာသာစကားကို နားမလည်တဲ့အခါ ဘယ်သူက ကျွန်ုပ်ကို သင်ပေးမှာလဲ။” ဆိုပြီး စိုးရိမ် တကြီးမေးလိုက်သတဲ့။

“စိတ်မပူပါနဲ့ သင့်ကိုစောင့်ရှောက်ပေးမယ့် နတ်သမီးက သူမရဲ့ ချိုမြိန်တဲ့စကားလုံးတွေနဲ့ လမ်းညွှန် သင်ကြားပေးပါလိမ့်မယ်။” လို့ နတ်သားကြီးက ပြန်ဖြေလိုက်တယ်။

တစ်ဖန် နတ်သမီးလေးက……….

“ဒါပေမဲ့ ကျွန်ုပ် သင့်နဲ့တွေ့ပြီး စကားတွေ ပြောချင်တဲ့အခါ ဘယ်လိုလုပ်ရပါ့မလဲ။” ဆိုပြီး မေးလိုက်ပြန်သတဲ့။

“ဒါလည်း မပူပါနဲ့ နတ်သမီးက သင့်လက်ဝါးနှစ်ဖက်ကို ပူးကပ်ထားစေပြီး ဘယ်လို တောင်းဆုပန်ရမယ်ဆိုတာကို သင်ကြား ပေးပါလိမ့်မယ်” လို့ နတ်သားက ပြန်ဖြေလိုက်တယ်။

နတ်သမီးက ပြန်ပြီး “ကြားဖူးတာတော့ လူ့ပြည်မှာ လူဆိုးတွေ အများကြီးရှိတယ်တဲ့ သူတို့နဲ့ဆုံတွေ့ရတဲ့အခါမျိုးမှာ ကျွန်ုပ်ကို ဘယ်သူက ကာကွယ်ပေးမှာပါလဲ။” လို့ မေးလိုက်သတဲ့။

“မပူပါနဲ့ နတ်သမီးက သူ့အသက်နဲ့ရင်းပြီး သင့်ကိုကာကွယ်ပေးပါလိမ့်မယ်။” ဆိုပြီး ပြန်ဖြေလိုက်ပါတယ်။

“ဒါပေမဲ့ ကျွန်ုပ် သင့်ကို မတွေ့ရတော့မှာကို တွေးမိတိုင်း ဝမ်းနည်းနေမိတယ်။” လို့ နတ်သမီးလေးက မေးတဲ့အခါ

“သင့်ရဲ့ နတ်သမီးက အမြဲလိုလို ကျွန်ုပ်အကြောင်း ပြောပြနေမှာဖြစ်ပြီး သင်ကျွန်ုပ်ဆီ ဘယ်လိုပြန်လာရမယ် ဆိုတာကိုလည်း လမ်းညွှန်ပေးပါလိမ့်မယ်” ဆိုပြီး နတ်သားကြီးက ပြန်ဖြေလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်နေတဲ့ ကောင်းကင်ဘုံမှာ ကမ္ဘာမြေက အသံတစ်ချို့ ပေါ်ထွက်လာတော့တယ်။

နတ်သမီးလေး အလျင်လိုသွားဟန်နဲ့ “နတ်မင်းကြီး ကျွန်ုပ်သွားရတော့မယ်။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို စောင့်ရှောက်ပေးမယ့် နတ်သမီးရဲ့ နာမည်ကို သိခွင့်ရှိမလား။”

“သူ့ရဲ့ နာမည်အရင်းက သင့်အတွက်အရေးမကြီးပါဘူး။ ဒါပေမဲ့ သင်ကတော့ သူ့ကို ‘မေမေ’ လို့ ခေါ်ရလိမ့်မယ်” ဆိုပြီး ပြောလိုက်သတဲ့။

ယနေ့ကျရောက်တဲ့ ပြာသိုလပြည့် အမေနေ့မှာ အမေလို့ ကျွန်မတို့ခေါ်တဲ့ လူသားတစ်ဦးကို ကျေးဇူးတင်ကြောင်း မမေ့ပါနဲ့နော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

http://www.inspire21.com/stories/familystories/aChildsAngel