အိမ်ထောင်ပြုပြီး ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်တာဟာ ကောင်းသလား။

blank

အိမ်ထောင်ပြုပြီးနောက် ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ခြင်းဟာ ကောင်းမွန်တယ်လို့ လူအများစုက လက်ခံထားတတ်ကြပါတယ်။ ဇာတ်လမ်းတွေထဲမှာလည်း ဒီလိုအတူနေထိုင်ခြင်းဟာ ပျော်ရွှင်စရာတစ်ခုလို့ ဖန်တီး ဖော်ပြထားလေ့ရှိတယ်လေ။ ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ခြင်းဟာ တကယ်ကောင်းမွန်ရဲ့လားဆိုတာ သိရှိနိုင်စေဖို့ ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ခြင်းရဲ့ ကောင်းကျိုးလေးတွေကတော့…

၁။ ကိုယ့်ကလေးအတွက် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချရမယ်။

ကိုယ်ဟာ အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်ဆိုရင် စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကလေးကို ဘယ်သူထမင်းကျွေးပေးမလဲ။ ကလေးဖျားနေတဲ့အချိန် ဘယ်သူဂရုစိုက်ပေးမလဲဆိုတာ စိတ်ပူစရာလုံးဝမရှိပါဘူး။ ဆွေမျိုးတွေက ကိုယ့်ရဲ့ ကလေးကို အစွမ်းကုန်ဂရုစိုက်ပေးမှာပဲလေ။

၂။ ကိုယ့်ရဲ့ကလေးဟာ လူမှုဆက်ဆံရေးမှာ ကောင်းမွန်လာမယ်။

ဆွေမျိုးသားချင်းတွေက ကိုယ့်ရဲ့ကလေးကို မိသားစုအပေါ် ကောင်းကောင်းတန်ဖိုးထားတတ်အောင် သင်ပြပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ ဆွေမျိုးသားချင်းတွေနဲ့ နေထိုင်တဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့ကလေးဟာ မျှဝေတတ်မယ်။ လူတိုင်းအပေါ်မှာလည်း ဂရုတစိုက်နဲ့ လေးစားမှုထားတတ်မယ်။ သူ့အနားက လူတွေအားလုံးကို ချိုချိုသာသာနဲ့ ပြောဆိုဆက်ဆံတတ်ပါလိမ့်မယ်။

၃။ အိမ်ရဲ့ ဝေယျာဝစ္စတွေကို ခွဲဝေလုပ်ကိုင်နိုင်မယ်။

မိသားစုဝင်များတာကြောင့် အိမ်သန့်ရှင်းရေးလုပ်တာ၊ ချက်ပြုတ်တာအားလုံးကို ကိုယ်တစ်ယောက်တည်း လုပ်ကိုင်နေစရာမလိုပါဘူး။ အလုပ်တာဝန်တွေကို ခွဲဝေယူလိုက်တာကြောင့် ဘယ်သူကမှလည်း အလုပ်လုပ်ရတယ်လို့ ငြူစူနေတော့မှာ မဟုတ်ပါဘူး။

၎။ ကလေးဟာ ကျောင်းမနေခင်ကတည်းက စာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေလိမ့်မယ်။

ကလေးရဲ့ ဦးလေးအဒေါ်တွေ၊ အဘိုးအဘွားတွေဟာ ကလေးကို ကျောင်းမနေခင်ကတည်းက ပုံပြင်တွေပြောပြပြီး သင်ပြပေးနေမှာဖြစ်တာကြောင့် ကျောင်းမနေခင်ကတည်းက အတော်များများကို တတ်မြောက်နေပြီးသား ဖြစ်နေပါလိမ့်မယ်။ အဘိုးအဘွားတွေနဲ့ အတူနေရတာဖြစ်တာကြောင့် အသက်ကြီးတဲ့သူတွေအကြောင်း ပိုမိုသိရှိနိုင်သလို ဦးလေးတွေ၊ အဒေါ်တွေနဲ့ အတူနေရတာဖြစ်တာကြောင့် သူတို့ဘဝရဲ့ ရုန်းကန်မှုတွေကိုလည်း သိရှိပြီးသား ဖြစ်နေပါလိမ့်မယ်။ ပညာရေးဆိုတာဟာ ကျောင်းစာအုပ်တွေထဲကထက် အများကြီးပိုတယ်ဆိုတာကို သိရှိသဘောပေါက်စေပါလိမ့်မယ်။

၅။ ကလေးဟာ တာဝန်ယူတတ်သူ တစ်ယောက်ဖြစ်လာလိမ့်မယ်။

အသက်အရွယ်အမျိုးမျိုးရှိတဲ့ သူတွေနဲ့ အတူနေထိုင်ရတာဖြစ်တာကြောင့် ဘယ်လိုလူတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲဆိုတာ ကောင်းကောင်းသိရှိလာပါလိမ့်မယ်။ လူ့အဖွဲ့အစည်းတစ်ခုမှာ ကောင်းကောင်းမွန်မွန်ရှင်သန်နေထိုင်ဖို့ အရည်အသွေးတွေအားလုံးဟာ ဆွေမျိုးသားချင်းတွေနဲ့ နေထိုင်ခြင်းအားဖြင့် ရရှိလာပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကောင်းကျိုးလေးတွေကို ဖော်ပြပြီးပြီဆိုတော့ ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ခြင်းရဲ့ ဆိုးကျိုးလေးတွေကိုလည်း ဆက်လက်ဖော်ပြပေးလိုက်ပါတယ်နော်။ ကောင်းကျိုးဆိုးကျိုးလေးတွေကို သိရှိထားတော့ ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ဖို့သင့်၊ မသင့်ကို ကိုယ်တိုင်ချင့်ချိန်စဉ်းစားလို့ရတာပေါ့။

၁။ နေရထိုင်ရတာ စိတ်ကျဉ်းကြပ်မယ်။

မိသားစုဝင်တွေက များပြားပြီး မျက်စိဒေါက်ထောက်ကြည့်ခံနေရသလိုဖြစ်နေမှတော့ မလွတ်လပ်ဘူးဆိုတာတော့ အသေအချာပါပဲ။

၂။ အသေးအဖွဲဆုံးဖြတ်ချက်လေးကိုတောင်မှ လူတိုင်းရဲ့ သဘောတူညီမှုတောင်းခံနေရမယ်။

သူငယ်ချင်းအိမ်မှာ ညခုနှစ်နာရီကျော်ထိနေဖို့၊ တစ်ညအိပ်ခရီးထွက်ဖို့လောက်တောင်မှ မိသားစုထဲက ရှိရှိသမျှလူတိုင်းဆီကနေ ခွင့်တောင်းနေရမယ်။

၃။ ကလေးကို ဆုံးမရာမှာ လိုက်လံဝင်ရောက် စွက်ဖက်နေမယ်။

တစ်ခါတလေမှာတော့ ဆွေမျိုးတွေနဲ့ အတူနေထိုင်ခြင်းဟာ ကိုယ့်ကလေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးနိုင်ဖို့ ခက်ပါလိမ့်မယ်။ မိသားစုဝင်တွေအားလုံးက ကလေးကိစ္စမှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူး ဝင်ရောက်ဆုံးဖြတ်နေတာကြောင့် မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ကလေးကို ကိုယ်ဖြစ်စေချင်သလို ထိန်းကျောင်းလို့ရမှာ မဟုတ်တော့ပါဘူး။

၎။ ချက်ရေး၊ ပြုတ်ရေးမှာ အခက်အခဲရှိမယ်။

မိသားစုဝင်များသလို တစ်ယောက်နဲ့ တစ်ယောက်လည်း အကြိုက်မတူညီနိုင်ပါဘူး။ မိသားစုထဲမှာ ဟင်းသီးဟင်းရွက်ပဲ စားတဲ့သူရှိမယ်။ အသားချည်း စားတဲ့သူလည်းရှိမယ်။ ဒါကြောင့် မိသားစုဝင်အားလုံး ကြိုက်နှစ်သက်တဲ့ ဟင်းချက်နိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ခြင်းဟာ တစ်ပါးသူတွေရဲ့ လိုအင်ဆန္ဒကို ကိုယ့်ထက် ဦးစားပေးနေရတာဆိုတော့ ကိုယ့်အတွက် ခက်ခဲတာမှန်ပေမယ့် ဒီအခြေအနေတွေအားလုံးဟာ ကိုယ့်ကို ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာစေပါလိမ့်မယ်။

စာချစ်သူတို့ကော ဆွေမျိုးသားချင်းတွေနဲ့ အတူနေထိုင်ရခြင်းဟာ ကောင်းတယ်လို့ ထင်လား…