မိန်းကလေးတိုင်းက ကြိတ်ခိုက်ရတဲ့ ယောက်ျားတစ်ယောက်ဆိုတာ…

blank

သားရေ… မိန်းကလေးတိုင်းမှာ ကိုယ့်ချစ်သူ ဘယ်လိုလူမျိုးဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးလေးတွေ ရှိတတ်ပါတယ်။ ဖူးစာပါရင် ညားမှာပဲဆိုပေမယ့် လူဆိုးလူမိုက်တစ်ယောက်ကိုမှ ချစ်မြတ်နိုးတတ်ကြတဲ့၊ လက်တွဲဖော်အဖြစ် ရွေးချယ်တတ်ကြတဲ့ မိန်းကလေးတွေဆိုတာ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာတောင် မရှိတော့ပါဘူး။ ဒါကြောင့် အမေ့သားလေးကို မိန်းကလေးတွေ ကြိတ်ခိုက်ရတဲ့ ဆော်ကြည်ဘဲလေးတစ်ယောက်ဖြစ်စေမယ့် လျှို့ဝှက်ချက်လေးတွေ ပြောပြမယ်နော်။

ပထမဆုံးအနေနဲ့ မိန်းကလေးတွေဟာ ရိုးသားတဲ့ကောင်လေးတွေကို သဘောကျကြတယ် သားရဲ့။ ရိုးသားဖို့က ပထမ လို့ ဆိုကြတယ်မလား… ဒါကြောင့် အခက်အခဲတွေ ဘယ်လောက်ပဲ ရှိပါစေ။ ပွင့်လင်းရိုးသားတတ်အောင် ကြိုးစားပါ။

နံပတ် (၂) အချက်အနေနဲ့ မိန်းကလေးတွေဟာ ထက်မြက်တဲ့ ယောက်ျားတစ်ယောက်ကို မှီခိုအားထားချင်တတ်ကြတယ်။ ကိုယ့်ဘဝအတွက် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ်နိုင်သလို သူမရဲ့ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနိုင်မယ့် သူမျိုးပေါ့။ သူမ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို သူမနဲ့ ပြောဆိုဆွေးနွေးနိုင်ပြီဆိုရင်တော့ သားကို သူမ crush ပြီလို့သာ အပိုင်တွက်ထားလိုက်ပါတော့။ ဉာဏ်ရည်ထက်မြက်တယ်ဆိုတာ ဆွဲဆောင်မှုအရှိဆုံးပဲလေနော်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ သူတစ်ပါးရဲ့ လွှမ်းမိုးမှုကို အလွယ်တကူမခံရနိုင်သလို လွယ်လွယ်ကူကူနဲ့လည်း ဆွဲဆောင်လို့မရတတ်ပါဘူး။ အနေအထိုင်မှန်ကန်ပြီးတော့ ပြတ်သားတဲ့ရည်မှန်းချက်ပန်းတိုင်ရှိတဲ့ ယောက်ျားတစ်ယောက်ဟာလည်း မိန်းကလေးတွေ ချစ်သူတော်ချင်ကြတဲ့ ယောက်ျားအမျိုးအစားတွေထဲက တစ်ယောက်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိအောင်သာ ကြိုးစားပါ သားရေ…။ သားနောက်ကနေ ကောင်မလေးတွေ တကောက်ကောက်ကို လိုက်လာပါလိမ့်မယ်။

သားဟာ ကြွယ်ဝချမ်းသာတဲ့သူတစ်ယောက်မဟုတ်ဘူးဆိုရင်တောင်မှ သားမှာ ရည်မှန်းချက်ပန်းတိုင်ရှိမယ်။ အောင်မြင်မှုတွေကို ရယူဆွတ်ခူးနိုင်လောက်တဲ့ အကောင်းမြင်စိတ်တွေရှိမယ်ဆိုရင် မိန်းကလေးတိုင်းက သဘောကျမှာပါပဲ။ သားညီမလေးရဲ့ ချစ်သူဟာ တစ်နေကုန်အိမ်မှာထိုင်နေပြီး ဘာအလုပ်မှမလုပ်ဘဲ ဗွီဒီယိုဂိမ်းပဲ ဆော့နေမယ်ဆိုရင် သူ့ကို သား ယောက်ဖတော်ချင်ပါ့မလား။

ကောင်းမွန်တဲ့ relationship တစ်ခုဆိုတာ ဘယ်တော့မှ ပျင်းရိငြီးငွေ့စရာမကောင်းပါဘူး။ ကိုယ့်ကို အမြဲတမ်းရင်ခုန်စိတ်လှုပ်ရှားအောင် လုပ်တတ်တဲ့ ရိုမန်းတစ်ဆန်တဲ့ ကောင်လေးတစ်ယောက်ကို မိန်းကလေးတိုင်း ချစ်သူ တော်ချင်ကြပါတယ်နော်။ “ပြီးရောကွာ ရိုမန်းတစ်ပဲဆန်မယ်။ သစ္စာမထားဘူး” လို့တော့ သားမတွေးဘူးဆိုတာ အမေသိပြီးသားပါ။ Relationship တစ်ခုရဲ့ သော့ချက်ဟာ ယုံကြည်မှုလေ။

မိန်းကလေးတိုင်းကတော့ ကိုယ့်ချစ်သူရဲ့ အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ရှိတာကို လိုချင်ကြတာပဲလေ။ သားချစ်သူ သားကို လိုအပ်နေတဲ့အချိန်တိုင်းမှာ အသင့်ရှိပေးနိုင်ဖို့ ကြိုးစားကြည့်ပါ။ “မိန်းမတွေဟာ နားလည်ရခက်တယ်” လို့ ယောက်ျားလေးအများစုညည်းညူနေကြတဲ့အချိန်မှာ သူမကို အရိပ်တကြည့်ကြည့်ရှိပြီး နားလည်ပေးနိုင်တဲ့ချစ်သူကို သူမက အဖိုးတန်စိန်ရွှေရတနာတွေထက်တောင် တန်ဖိုးထားပါလိမ့်မယ်။ သူမကို ချစ်မြတ်နိုးနေကြတဲ့ တခြားကောင်လေးတွေကို အပြတ်အသတ်ကျောနိုင်ဖို့ သူမကို ဂရုတစိုက်နဲ့ နားလည်ပေးနိုင်ဖို့ပဲ လိုအပ်တာပါနော်။

မိန်းကလေးတွေဟာ သူတို့ကို အမြဲတမ်းပျော်ရွှင်ရယ်မောစေနိုင်တဲ့ ကောင်လေးတွေကို အချစ်ပိုတတ်ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ အမေ့သားကတော့ ဒီအချက်မှာ ထူးထူးထွေထွေ ကြိုးစားနေစရာမလိုဘူးလို့ အမေ ထင်ပါတယ်နော်။ ကဲ…အမေကတော့ ဆော်ကြည်စေတဲ့ လျှို့ဝှက်ချက်တွေအားလုံး ချပြလိုက်ပြီနော်။ ကြိုးစားဖို့ကတော့ သားရဲ့ တာဝန်ပါပဲ။