လောကကြီးထဲကို မကြာခင်ဝင်ရောက်လာတော့မယ့် သားလေးထံသို့ ပေးစာ

blank

မေမေ့ချစ်သားလေးရေ………

မေမေက အရမ်းစိတ်ကူးယဉ်တတ်တာသိလား။ အိမ်ထောင်မပြုခင်ကတည်းက “တကယ်လို့ ငါအိမ်ထောင်ကျပြီး သားလေးတစ်ယောက်ရလာခဲ့ရင်”ဆိုတဲ့ အတွေးတွေနဲ့ သားလေးအတွက် ဘယ်လိုတွေပြုစုပျိုးထောင်ပေးမယ်ဆိုတာ မေမေက ကြိုတင်စိတ်ကူးထားပြီးသားပါ။ ကလေးကို ကြိုတင်အစီအစဉ်မရှိဘဲ ကမန်းကတန်းယူလိုက်ရတာမျိုး မဖြစ်စေရဘူး။ သားလေးအတွက် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ ပြုစုပျိုးထောင်နိုင်ပြီး မိခင်တစ်ယောက်ရဲ့တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီဆိုမှ သားလေးကို မေမေတို့ဘဝထဲ ခေါ်သွင်းမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ သားလေးကို ကိုယ်ဝန်ဆောင်စဉ်ကတည်းက သားလေးအတွက် အစစအရာရာဂရုစိုက်ပေးမယ်။ ဗိုက်ထဲက သားလေး ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးလာဖို့အတွက် မေမေကိုယ်မေမေလည်း ဂရုစိုက်မယ်ပေါ့။ ဒီလိုအတွေးတွေဟာ မေမေ့ရဲ့စိတ်ကူးယဉ်အိပ်မက်တွေပဲ၊ သားရေ။

သားလေး လောကကြီးထဲရောက်လာချိန်မှာ အေးအေးချမ်းချမ်းနဲ့ ခြေဆန့်နိုင်ဖို့ မေမေ အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားမယ်။ သားလေးရဲ့ ပထမဆုံးငိုသံကြားရချိန်မှာ နားဝင်ချိုလွန်းလို့ မေမေ့မီးဖွားဝေဒနာတွေတောင် သက်သာသွားမယ်ထင်ပါတယ်၊ သားရေ။ တစ်ခုခုဆို စိုးရိမ်လွန်ပြီး အရမ်းကြောက်တတ်တဲ့မေမေဟာ သားလေးအတွက်ဆို အလိုလိုသတ္တိရှိနေတတ်တယ်။ သားလေးကို ချစ်မယ့်သူဟာ မေမေတစ်ယောက်တည်း မဟုတ်ဘူးနော်။ ဘိုးဘိုး၊ ဘွားဘွားတွေကလည်း မြေးဦးလေးမို့ ချစ်လိုက်ကြမှာ မေမေမြင်ယောင်သေးတယ်။ မေမေ့သားလေးဟာ ကံကောင်းခြင်းတွေနဲ့မွေးဖွားလာမယ့်သူပါ။

သူငယ်ချင်းတွေကြားမှာ အလုပ်ကြိုးစားသူလို့ နာမည်ရနေတဲ့မေမေဟာ သားလေးရလာချိန်မှာ အားလုံးလက်လွှတ်ပစ်ဖို့ ဝန်မလေးပါဘူး။ မေမေ့သားလေးသာ မေမေ့အတွက်အရေးအကြီးဆုံးပါ။ အပျိုဘဝကတည်းက မေမေက ကလေးပြုစုပျိုးထောင်နည်းစာပေတွေကို မလွတ်တမ်းဖတ်တယ်။ ကလေးအသုံးအဆောင်ပစ္စည်းလေးတွေမြင်ရင်လည်း သဘောကျတယ်။ တစ်ခါတလေ ကလေးကစားစရာအရုပ်လေးတွေကို ချစ်လွန်းလို့ ဝယ်တောင်ထားသေးတယ်။ မေမေ့သူငယ်ချင်းတွေက မေမေ့ရဲ့ပေါကြောင်ကြောင်လုပ်ရပ်တွေကို ရပ်လိုက်ဖို့ပြောလာရင် “ဟယ်….နောင်တစ်ချိန်မှာ ကလေးရလာခဲ့ရင် ငါက ကလေးနဲ့ပတ်သက်တာတွေ အားလုံးသိထားတော့ စမတ်ကျတဲ့မေမေတစ်ယောက်ဖြစ်နေပြီပေါ့”လို့ မေမေက ခွန်းတုံ့ပြန်လေ့ရှိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကလေးအကြောင်းစူးစမ်းခဲ့တာတွေကို သားလေးနဲ့မှ လက်တွေ့အသုံးချမယ်။ မေမေကတော့ တချို့မိခင်တွေလို ကလေးမွေးရမှာ၊ ကလေးရဲ့ဝေယျာဝစ္စလုပ်ရမှာ ကြောက်တဲ့စိတ်တွေနဲ့ သားလေးကို မွေးဖွားမှာမဟုတ်ဘူး။ သားလေးအတွက်ဆို အရာအားလုံးကျော်ဖြတ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ သားလေးနဲ့အတူ နေ့ရက်တိုင်းကို ဖြတ်သန်းမယ်။ မီးဖွားပြီး မိခင်တိုင်းဖြစ်လေ့ရှိတဲ့ စိတ်ကျဝေဒနာတွေကို ဘယ်လိုကုစားရမလဲဆိုတာလည်း မေမေက လေ့လာထားသေးတယ်။ ကလေးတွေအပေါ် အချစ်လွန်ပြီး နှစ်သလိုဖြစ်သွားတတ်တဲ့လုပ်ရပ်တွေကိုလည်း မေမေက သားလေးအပေါ် မလုပ်မိအောင် ရှောင်ကြဉ်မယ်။ သားချော့တေးဆိုပြီး အိပ်ရာဝင်ပုံပြင်လေးတွေ ဖတ်ပြဖို့ မေမေကတော့ အဆင်သင့်ဖြစ်နေပြီနော်။

သားလေးသာ မေမေ့အနားရှိနေရင် မေမေ့ကမ္ဘာကြီးက ပြီးပြည့်စုံနေပါပြီ၊ သားရေ။ သားလေးမွေးနေ့တိုင်းမှာ သားလေးအတွက် အမှတ်တရမှတ်စုတိုလေးတွေရေးပြီး ဓာတ်ပုံလေးတွေနဲ့အတူ သိမ်းထားမယ်။ ဒီအရာလေးတွေဟာ မေမေဝမ်းနည်းနေချိန်မှာ မေမေ့အတွက် အားဆေးလေးတွေဖြစ်ရမယ်။ လောကကြီးရဲ့ရှုပ်ထွေးမှုတွေကို သားလေးကြောက်လန့်မနေအောင် မေမေရှေ့ကနေ ကာကွယ်ပေးမယ်။ သားလေးကို ခွန်အားတွေပေးမယ်။ “ငါ့အနောက်မှာကော၊ အရှေ့မှာကော၊ ပတ်ပတ်လည်မှာကော မေမေရှိနေတယ်”လို့သာ သားမှတ်ယူလိုက်ပါ။ မေမေက သားစိတ်သွားရာနဲ့ထပ်တူ ပါနေပြီးသားပါ။ မေမေဟာ သားအတွက် ညဘက်မှာ အမှောင်တွေကို ဖြိုခွင်းပေးမယ့်လမင်းကြီးဖြစ်သလို၊ နေ့ဘက်မှာ တောက်ပစွာထွန်းလင်းပေးမယ့် နေမင်းကြီးလည်း ဖြစ်နေမှာပါ။ သားလေး မေမေ့ဆီကို ရောက်လာမယ့်တစ်နေ့မှာပေါ့။

သားလေးကို ကြိုဆိုနေတဲ့မေမေတို့ကော ခံစားချက်လေးတွေ ဝေမျှသွားဦးနော်။