ဇနီးသည်ပူညံပူညံလုပ်တတ်တာက ခင်ပွန်းအသက်ရှည်ဖို့ပါ။

          ပူညံပူညံလုပ်တတ်တဲ့ ဇနီးသည်ကိုပိုင်ဆိုင်ထားလို့ စိတ်ညစ်နေလား ဂန္ထဝင်စာချစ်သူ အမျိုးသားတို့ရေ….။

          အဲ့ဒါဆိုရင်တော့ စိတ်ညစ်နေတာလေးတွေကို ပစ်ချပစ်လိုက်ပြီး ဇနီးကိုကျေးဇူးတင်လိုက်ပါ။ လေ့လာသူတွေ့ရဲ့ အဆိုအရ ပူညံပူညံလုပ်တတ်တဲ့ ဇနီးသည်ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသားတွေက ပိုပြီးအသက်ရှည်တတ်ကြတယ်တဲ့။

          ဒါက  Michigan State University ကလေ့လာမှုတစ်ခုပါနော်။ အဲ့ဒီလေ့လာမှုအရ ဇနီးသည်တွေဟာ ခင်ပွန်းသည်တွေရဲ့ လူမှုရေးဘဝနဲ့ပတ်သက်ပြီး ပူညံပူညံလုပ်တယ်။ အစားအသောက် အနေအထိုင်နဲ့ ပတ်သက်ပြီး ပူညံပူညံနဲ့ ပြောဆိုတယ်။ တဗျစ်တောက်တောက်လုပ်ရင်း ခင်ပွန်းရဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေလုပ်ပေးတယ်တဲ့လေ။

          “အရက်တွေလျှော့သောက်၊ ဖုန်းတွေလျှော့သုံး၊ အိမ်ကိုစောစောပြန်လာ၊ လေ့ကျင့်ခန်းလုပ်တော့၊ ရေမြန်မြန်ချိုး” စတဲ့ တဗျစ်တောက်တောက်စကားတွေနောက်မှာ ဂရုစိုက်မှုတွေပါနေတာက အထင်းသားပဲ မဟုတ်လား။ အဲ့ဒါတွေက ပူညံပူညံလုပ်တဲ့ စကားတွေဆိုပေမယ့် ခင်ပွန်းသည်ရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဤဆောင်းပါးကိုဂန္ထဝင်မှရေးသားတင်ဆက်သည်။

          Michigan State University ရဲ့ လေ့လာမှုမှာ အသက် (၅၇) နှစ်ကနေ (၈၅) နှစ်အတွင်းရှိတဲ့ ဇနီးမောင်နှံစုံတွဲပေါင်း (၁၂၂၈) တွဲကို သုံးသပ်ကြည့်လိုက်တဲ့အခါ ခပ်အေးအေးနေတတ်တဲ့ ဇနီးသည်တွေကို ပိုင်ဆိုင်ထားတဲ့ ခင်ပွန်းသည်တွေက ပိုပြီးရောဂါထူပြောတာကို တွေ့ရှိခဲ့ရပါတယ်။

          “ဒါဟာ အိမ်ကိုအာဏာရထားတဲ့ ဇနီးသည်တွေက ဗျစ်တောက်ဗျစ်တောက်လုပ်ရင်း ကျန်းမာရေးကိုဂရုစိုက်ပေးခြင်းရဲ့ အကျိုးကျေးဇူးတွေ၊ ကျန်းမာရေးကိုထိခိုက်စေတဲ့ အပြုအမူတွေကို လိုက်ပြီး တားဆီးပိတ်ပင်နေခြင်းကလွဲရင် ဘာများဖြစ်နိုင်မလဲ” လို့ Dr. Karen’s Marriage Manual ကဆိုပါတယ်။

ဒါ့ကြောင့် သင့်ဇနီးသည်က ပူညံပူညံလုပ်တတ်တယ်ဆိုရင် စိတ်မညစ်ပါနဲ့တော့နော်။