သားလေးအသည်းကွဲတဲ့အခါ ကုစားနိုင်ဖို့ မေမေ့ရဲ့မှာကြားချက်

သားရေ……

အရွယ်ရောက်လို့ အချစ်နဲ့တွေ့လာပြီဆိုကတည်းက အချစ်ရဲ့နောက်ဆက်တွဲ အသည်းကွဲဝေဒနာကို မလွဲမရှောင်သာ ခံစားရမှာပဲ။ အသည်းကွဲစမှာတော့ ဝမ်းနည်းနာကျင်မှုတွေကြောင့် အရုပ်ကြိုးပြတ်ခံစားရတတ်ပေမယ့် အချိန်အတော်ကြာလာတာနဲ့အမျှ နာကျင်မှုတွေ တဖြည်းဖြည်းလျော့နည်းလာမယ်။ ဘာကြောင့်အသည်းကွဲရလဲဆိုတဲ့ အကြောင်းအရင်းတွေကို သားလေးသဘောပေါက်လာတဲ့အချိန်ကျရင် စိတ်ချမ်းသာမှုကို ရှာတတ်လာမယ်။  ဘဝမှာ တွေ့ကြုံရတဲ့လူတွေက မတည်မြဲဘူးဆိုတာ သိလာမယ်။ ဘဝမှာ ခဏတာရေစက်ဆုံလာသူတွေက စာအုပ်တစ်အုပ်ရဲ့စာမျက်နှာမှာရှိတဲ့ သင်ခန်းစာတွေလိုပဲ၊ သားရေ။ ဘဝအတွေ့အကြုံတွေက သားလေးကို သင်ခန်းစာတွေ ပေးမယ်။ အဲ့ဒီအတွေ့အကြုံတွေကနေတစ်ဆင့် သားဘဝ တိုးတက်ဖို့၊ သားကိုယ်သား ချစ်တတ်ဖို့ ကြိုးစားပါ။ သားရဲ့တန်ဖိုးကို ရှာဖွေပါ။

တချို့လူတွေက သားဘဝရဲ့စာမျက်နှာမှာ အဆုံးသတ်ချိန်ရောက်လာပြီဆိုတာနဲ့ သားဘယ်လောက်ကြိုးစားကြိုးစား သားဘဝထဲက ထွက်သွားလိမ့်မယ်။

အစမှာတော့ အသည်းကွဲဝေဒနာဟာ နာကျင်ကောင်း နာကျင်ရလိမ့်မယ်။ ဒီနာကျင်မှုကြောင့် နံနက် ၃ နာရီထိတောင် သားလေး အိပ်မပျော်ဘဲ မျက်လုံးတွေမို့မောက်တဲ့အထိ ငိုချင်ငိုရလိမ့်မယ်။ အတူတူသွားခဲ့ဖူးတဲ့နေရာတွေရောက်တိုင်းလည်း သားတို့အမှတ်တရလေးတွေ ပြန်ပေါ်လာပြီး နာကျင်မှုတွေက နှိပ်စက်ပြန်ဦးမယ်။ သူနဲ့ပတ်သတ်လို့ တိုက်ဆိုင်မှုလေးတွေ ရှိလာရင် ပြန်တွေးမိပြီး သားခံစားရဦးမယ်။ သားရေ…အသည်းကွဲတယ်ဆိုတာ တစ်သက်မှာတစ်ခါ ကြုံရတတ်တဲ့ကိစ္စတစ်ခုပါ။ အထူးသဖြင့် သားသိပ်ချစ်ရတဲ့သူတွေနဲ့ ပတ်သက်လာရင်ပေါ့။ သားရဲ့အချစ်တွေပေးနေလည်း သူ့အချစ်ကို ပြန်ရမယ်လို့ မျှော်လင့်ထားလို့မရဘူးနော်။ အချစ်မှာ အသွားအပြန်မရှိဘူးဆိုတာ သားလေးသိထားရမယ်။ သားမှာ သားပတ်ဝန်းကျင်ကလူတွေနဲ့ ဆက်ဆံရေးပေါင်းစုံရှိနေပေမယ့် သူတို့က သားအတွက် အမြဲရှိနေပါ့မယ်လို့ ယုံကြည်ထားလို့မရဘူး။ ပေါင်းသင်းဆက်ဆံရေးနဲ့ အချစ်ရေးမှာလည်း အတူတူပဲဆိုတာ သားလေး လက်ခံရမယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်ရသူကို ဆုံးရှုံးရတဲ့အခါ အခါးသီးဆုံးအချိန်ဟာ နှုတ်ဆက်ချိန်မဟုတ်ဘူး၊ သားရေ။ သူမပါဘဲ ကိုယ်တစ်ယောက်တည်း ရှင်သန်နေရချိန်ပဲ။ နောက်ထပ်နာကျင်ရတာတစ်ခုကတော့ ကိုယ်မပါဘဲ သူကောင်းကောင်းရှေ့ဆက်နေတာကို မြင်ရတဲ့အခါမှာပေါ့။ အဲ့ဒီအချိန်မှာ သူ့ကို သား အပြစ်တင်နေနိုင်မယ်လို့ထင်လား။ တကယ်တမ်းကျ သားလေးလည်း အပြစ်မတင်နိုင်ဘူးဆိုတာ မေမေသိပါတယ်။ “လူတစ်ယောက်ကို တကယ်ချစ်နေပြီဆိုရင် အဲ့ဒီလူကို ပျော်ရွှင်စေချင်တယ်။ ကိုယ်မပါဘဲ အဲ့ဒီလူပျော်ရွှင်နေရင်တောင် ကိုယ်က သူ့ကို လေးစားရမယ်၊ လက်လွှတ်ပေးရမယ်။ ဘာလို့လဲဆိုတော့ ကိုယ်က သူ့ကို ပျော်စေချင်တာကိုး” လို့ သားရဲ့အဘွား မေမေ့ကို အမြဲပြောခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီစကားကို ပထမဆုံးအကြိမ်ကြားရတုန်းက မေမေနားမလည်ခဲ့ဘူး။ “ကိုယ်ချစ်နေတာကို ဘာလို့လက်လွှတ်ပေးမှာလဲ။ လက်လွှတ်မပေးနိုင်ပါဘူး” လို့တောင် မေမေတွေးခဲ့သေးတယ်။ ကိုယ်က တစ်စုံတစ်ယောက်နဲ့ ပျော်ရွှင်ရတယ်။ ဒါပေမဲ့ အဲ့ဒီလူက ကိုယ်နဲ့ဆို ပျော်ရွှင်နေတယ်လို့ မခံစားရဘူး။ အဲ့ဒီအခါ လူအများစုက မှားမှားမှန်မှန်၊ ကိုယ့်မှာ အပြစ်ရှိရှိမရှိရှိ တောင်းပန်ကြတယ်။ တောင်းပန်တယ်ဆိုတာ လူတစ်ယောက်ကို ချစ်လို့၊ တန်ဖိုးထားလို့လို့ သူတို့က ယူဆကြတယ်။ သားရေ…..အချစ်ကို ရှာဖွေတဲ့အခါ ကိုယ်ချစ်ရသူက ထွက်သွားရင်တောင် ဒဏ်ရာတွေမကျန်ရစ်မယ့် အချစ်ကို ရှာဖွေပါ။ ဒီလိုအချစ်ဟာ ရှာဖွေရခက်တယ်ဆိုပေမယ့် တကယ်ရှိနေတယ်။ အချစ်ဆိုတာ လူနှစ်ယောက်ကြားက ဆက်နွယ်ချက်တစ်ခုထက်ကို ပိုတယ်လို့ မေမေထင်တယ်။ ဘာလို့လဲဆိုတော့ မေမေတို့တွေဟာ ချစ်သူရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးချင်ကြတယ်။ အဲ့ဒါကြောင့် “အချစ်” လို့ခေါ်တဲ့ စွဲလမ်းစေတဲ့ဆေးတစ်မျိုးအတွက်နဲ့ တောင်းပန်စကားတွေပြောနေကြတယ်။ တကယ်တော့ အချစ်ဆိုတာ နူးညံ့လှပတဲ့ခံစားချက်တစ်မျိုးပဲ၊ သားရေ။ သားဆီ မထင်မှတ်ဘဲ ရောက်လာတဲ့အချစ်ကသာ သားအတွက်အကောင်းဆုံးဖြစ်မယ်လို့ မေမေထင်တယ်။ ဘာလို့လဲဆိုတော့ အချစ်ကို မရမက သားရှာဖွေနေတာမဟုတ်ဘူးလေ။ သားနဲ့ အလိုလိုရေစက်ဆုံလာတော့ မေမေပြောခဲ့သလို တွေ့ကြုံဆုံကွဲသဘောတရားကို သားနားလည်နိုင်ပြီပေါ့။

သားကိုအသည်းခွဲခဲ့တဲ့သူတွေကပဲ သားဘဝကို ပြန်ရပ်တည်နိုင်အောင် ကူညီပေးနိုင်တယ်။ သူတို့တွေကြောင့် သားက အရင်ကထက် ပိုပြီးသန်မာလာမယ်။ ပိုပြီးသတိရှိလာမယ်။ အချစ်ဟာ သားဆီ မြန်မြန်ရောက်မလာတတ်ပေမယ့် လွယ်လွယ်ပျက်စီးနိုင်တယ်ဆိုတာ သား သိလာမယ်။ နောက်ပြီး အချစ်မှာ သားဘဝကို ဖျက်ဆီးဖို့၊ ပိတ်ပင်ဖို့၊ ချိုးဖျက်ဖို့ စွမ်းအားတွေလည်း ရှိနေတယ်ဆိုတာ သားနားလည်လာလိမ့်မယ်။ ဒါကြောင့် သားကိုယ်သား ချစ်တတ်သူတစ်ယောက်ဖြစ်ခွင့်ပေးလိုက်ပါလို့ပဲ မေမေမှာပါရစေ။

သားရှင်မေမေတို့ ဖတ်ဖို့ mention ခေါ်လိုက်ပါဦးနော်။