တစ်ခန်းရပ်ခဲ့ရတဲ့ဇာတ်လမ်းလေး။

blank

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က သူ့ကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီတဲ့။ တစ်နှစ်ကျော်တောင် တွဲလာခဲ့ပြီးမှ ဘာလို့လမ်းခွဲရတာလဲဆိုပြီး ကျွန်တော် အရမ်းအံ့သြပြီး မေးမိတယ်။ အစတုန်းကတော့ သူပဲ ဒီကောင်မလေးကို သိပ်ချစ်လှချည်ရဲ့၊ သူ့ဘဝရဲ့ဖူးစာရှင်အမှန်တွေ့ပြီလို့ ပြောခဲ့တာလေ။ ကောင်မလေးက သူနဲ့ပတ်သက်လာရင် ခံစားလွယ်လွန်းလို့တဲ့။ “မိန်းကလေးတိုင်းကတော့ ဒီလိုပဲလေကွာ။ မင်းနားလည်ပေးရမှာပေါ့” လို့ ကျွန်တော်တောင် ဖြောင်းဖျပြောဖြစ်တယ်။

သူ့အပြောအရ ကောင်မလေးက အလှပြင်လွန်းတယ်တဲ့။ ကောင်မလေးတွေဟာ ချစ်သူရဲ့မျက်လုံးထဲမှာ အလှဆုံးဖြစ်ချင်တာ သဘာဝပဲမဟုတ်လား။ ချစ်သူဂရုစိုက်အောင် ပြင်ဆင်ပြတာက အပြစ်ရှိသလား။

ပြီးတော့ သူ့ကောင်မလေးက ဒီကောင် ဘယ်နေရာရောက်နေလဲ၊ ဘယ်သူနဲ့ရှိနေလဲဆိုတာ ဖုန်းတွေခေါ်၊ မက်ဆေ့ခ်ျတွေပို့ပြီး ခဏခဏစစ်လားဆေးလားလုပ်လွန်းလို့တဲ့ဗျာ။ သူ့ကို ဆေးလိပ်မသောက်ဖို့၊ ဘီယာမသောက်ဖို့ ပြောပြီး သူ့ကျန်းမာရေးကို ဂရုစိုက်ပေးနေတဲ့ကောင်မလေးကို တော်တော်ဇီဇာကြောင်တဲ့ မိန်းမပဲလို့ ဒီကောင်ထင်နေတာ။ မိန်းကလေးတွေက ချစ်မိလာရင် အသေးစိတ်ကအစ ဂရုစိုက်တတ်လာတာဟာ မှားသလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နောက်တစ်ချက်က ကောင်မလေးက သိပ်ကို ခံစားလွယ်တယ်တဲ့လေ။ သူစကားပြောမှားလိုက်တာနဲ့  မျက်ရည်ကျတတ်တဲ့ ကောင်မလေးက မရင့်ကျက်ဘူးတဲ့။ ခံစားလွယ်တဲ့ကောင်မလေးဟာ သူ့ကိုဆုံးရှုံးရမှာကြောက်တာကြောင့် ခဏခဏမျက်ရည်ကျတတ်တာက အပြစ်လား။

ကောင်မလေးက အရမ်းသဝန်တိုတတ်ပြီး စိတ်ကောက်တတ်တယ်တဲ့။ ကောင်မလေးက သူ့ကိုတန်ဖိုးထားမြတ်နိုးလွန်းလို့၊ အဆုံးရှုံးမခံနိုင်လို့ သဝန်တိုတတ်တာက မှားနေသလား။

အခုတော့ သူတို့ရဲ့ ဇာတ်လမ်းဟာ ဇာတ်သိမ်းမလှစွာ တစ်ခန်းရပ်သွားခဲ့ပြီ။ ကောင်မလေးရဲ့ အချစ်ကို နားမလည်ခဲ့တဲ့သူက အခုမှအကြီးအကျယ်နောင်တရလို့ပေါ့။ ကောင်မလေးကတော့ သူထားသွားပြီးတဲ့နောက်ပိုင်း အချိန်အတော်ကြာ ဝမ်းနည်းနေခဲ့တယ်။ ဒါပေမဲ့ ချစ်သူအပေါ် အကောင်းဆုံးပေးဆပ်ပြီး ချစ်ခဲ့တဲ့သူမဟာ သူမဘဝကို နောက်ကျောလုံစွာ ဆက်လျှောက်နိုင်ခဲ့ပြီလေ။