မီးဖွားပြီးတဲ့နောက် ဘာတွေဖြစ်တတ်တာလဲ။

blank

ကျွန်မဟာ မီးဖွားပြီးစ အမျိုးသမီးတစ်ယောက်ပါ။ လူတွေတော်တော်များများ လျစ်လျူရှုထားတဲ့ မီးဖွားပြီးမိခင်တွေမှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေ ကျွန်မမှာ ရှိတယ်။ ကျွန်မခံစားနေရတဲ့ အထီးကျန်မှုတွေကို ဘယ်သူမှ နားမလည်ခဲ့ဘူး။ ကျွန်မ ကိုယ်ပိုင်ရပ်တည်ချက် ပျောက်ဆုံးသွားခဲ့တာတွေကို ဘယ်သူမှမသိခဲ့ဘူး။ ကျွန်မရဲ့ တစ်ကိုယ်တည်းဖြစ်ခြင်းကို ဘယ်သူမှ အရေးတယူမရှိခဲ့ဘူး။ ကလေးကိုဂရုစိုက်ဖို့ ကျွန်မရဲ့ အလုပ်ကိုစွန့်လွှတ်ပစ်ခဲ့တာကို ဘယ်သူမှအသိအမှတ်မပြုခဲ့ဘူး။

ဝမ်းနည်းစိတ်တွေကြောင့် ရေပန်းအောက်မှာ ငိုခဲ့တဲ့ နေ့တွေအကြောင်း၊ ပင်ပန်းနွမ်းနယ်တဲ့ နေ့တွေမှာ နားလည်ပေးမယ့်သူကို မျှော်လင့်ခဲ့တဲ့ နေ့တွေအကြောင်း အကြောင်းပြချက်မရှိ ညစ်ညူးနေခဲ့တဲ့ စိတ်အကြောင်း ဘယ်သူမှမသိခဲ့ဘူး။ စိတ်လွတ်ကိုယ်လွတ် နားပစ်ဖို့လိုတယ်ဆိုတာကိုလည်း ဘယ်သူမှ အရေးတယူမရှိခဲ့ဘူး။ တစ်ခါတလေမှာ မွေးကင်းစကလေးလေးကို စိတ်တိုရမလား၊ အိပ်ရေးမဝလို့ မကြည်မလင်ဖြစ်နေတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်စိတ်ကုန်ရမလား မသိဘဲ စိတ်ဓာတ်ကျခဲ့တာတွေကို ဘယ်သူမှမမြင်ခဲ့ပါဘူး။

အိမ်မှာတစ်နေကုန်နေရင်း ထိခိုက်လွယ်နေတဲ့ စိတ်ကိုလည်း ဘယ်သူ့မှ နားမလည်နိုင်ခဲ့ဘူး။ တစ်ခါတလေမှာ “ ဘာမှမလုပ်ဘဲ ၅ မိနစ်လောက် နားရရင်တော်ပါပြီ” လို့ ဆုတောင်းမိတဲ့အထိ ပင်ပန်းနွမ်းလျနေတာကိုလည်း ဘယ်သူမှမသိခဲ့ဘူး။ ခင်ပွန်း အလုပ်ကပြန်လာတဲ့အခါ ဆိုဖာပေါ်မှာ အကျအနထိုင်ပြီး “ ရေတစ်ခွက်လောက် ခပ်ပေးပါ” လို့ တောင်းဆိုတဲ့အခါ ကိုယ်ခံစားနေရတဲ့ ပင်ပန်းမှုတွေကို မြိုသိပ်လိုက်ရတယ်ဆိုတာကို ဘယ်သူမှမခံစားမိခဲ့ဘူး။ “မှီခို” ဆိုတဲ့ စကားလုံးလေးကို လက်ကိုင်ထားပြီး အိမ်အလုပ်တွေ၊ ကလေးရဲ့ ဝေယျဝစ္စတွေကို လုပ်ရင်း နေ့ရက်တွေကို ငေါင်စင်းစင်းကျော်ဖြတ်နေခဲ့ရတယ်ဆိုတာကို ဘယ်သူမှမသိခဲ့ဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

စာချစ်သူတို့ရေ….။

လေ့လာမှုတစ်ခုမှာ မီးဖွားပြီး အိမ်မှာပဲနေတဲ့ မိခင်တွေနဲ့ အလုပ်ထွက်လုပ်တဲ့ မိခင်တွေမှာ အိမ်မှာနေတဲ့ မိခင်တွေက ပိုပြီးစိတ်ဖိစီးမှုများတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးတွေဟာ မီးဖွားပြီးတဲ့နောက်မှာ မိခင်ကောင်းတစ်ယောက်ဖြစ်လာပါ့မလားဆိုတဲ့ စိတ်ဖိစီးမှု၊ အလုပ်ကိုစွန့်လွှတ်ပြီး အိမ်မှာနေတဲ့အခါ အသုံးမကျသလိုခံစားရပြီး အလုပ်လုပ်ထွက်လုပ်တဲ့အခါ မိခင်ကောင်းမပီသဘူးလို့ ခံစားရတတ်တဲ့ ဖိအားတွေရှိနေတယ်ဆိုတာကို လူတွေက မသိကြပါဘူး။

အဲ့ဒီလို အခြေအနေမျိုးတွေမှာ အိမ်ထောင်ဖက်ရဲ့ အားပေးနှစ်သိမ့်မှု၊ မိသားစုတွေရဲ့ ဖေးမကူညီမှု၊ ပတ်ဝန်းကျင်ရဲ့ နားလည်မှုတွေက မီးဖွားပြီးချိန်မှာဖြစ်တတ်တဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးသက်သာစေပါတယ်။

သင်ဟာ …

သင့်ဇနီးရဲ့ လက်တစ်စုံကို အမြဲဆုပ်ကိုင်ထားပေးရင်း၊ သူမရဲ့အိပ်ပျက်ညတွေကို ခွဲဝေယူရင်း ခင်ပွန်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပေးလို့ရပါတယ်။

သင့်မိသားစုတွင်းမှာရှိတဲ့ မီးဖွားပြီးစ မိခင်လေးကို အိမ်အလုပ်လေးတွေ တတ်အားသလောက် ကူပေးရင်း၊ သူမရဲ့ခံစားချက်တွေကို နားထောင်ပေးရင်း မိသားစုဝင်ကောင်းတစ်ယောက် ကြိုးစားလို့ရပါတယ်။

သင်ဟာ မိခင်တစ်ယောက်ရဲ့ ဖြစ်တည်မှု၊ မိန်းမသားတစ်ယောက်ရဲ့ ခံစားမှုတွေကို လေးစားပြီး ဝေဖန်ကဲ့ရဲ့မှုတွေကို စွန့်လွတ်ပြီး ကြင်နာမှုအပြည့်နဲ့ အပြုံးတစ်ပွင့်ကိုပေးရင်း အိမ်နီးချင်းကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလို့ရပါတယ်။

မီးဖွားပြီးစမိခင်တွေအနေနဲ့လည်း…

အခြားလူတွေ ဘယ်လိုတွေးမလဲ၊ ဘာတွေပြောမလဲ၊ လူတွေက ဘာထင်ကြမလဲ၊ ကလေးအပေါ်မှာ အခြားလူတွေလို ဂရုစိုက်နိုင်မလားဆိုတဲ့ လက်တွေ့မကျတဲ့ မေးခွန်းတွေကို စွန့်လွတ်လိုက်ပါ။

ခံစားချက်တွေကို ခင်ပွန်းဆီမှာ ဖွင့်ဟပါ။ သူငယ်ချင်းတွေနဲ့ ပုံမှန်တွေ့ဆုံပါ။ အခြားမိခင်တွေနဲ့ စကားစမြည်ပြောပါ။ စိတ်ဖိစီးမှုတွေကို လျော့ချပါ။ အတွေးမလွန်မိအောင် ဂရုစိုက်ပါ။ တရားထိုင်ပါ။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ။ သပ်သပ်ရပ်ရပ်နေပါ။

သင်ဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးသူတစ်ယောက်ဆိုတာ မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ နာကျင်မှုတွေကို ကျော်လွှားပြီး လူသားတစ်ဦးကို လောကကြီးထဲ ခေါ်ဆောင်လာခဲ့ပြီးပြီလေ။