သူငယ်ချင်းကောင်းဆိုတာ အဝေးမှာ ရှာစရာမလိုပါဘူး။

blank

ကျွန်မဘဝတစ်လျှောက်မှာ သူငယ်ချင်းတွေဟာ ဝင်လာလိုက်၊ ထွက်သွားလိုက်ပါပဲ။  နှစ်ရှည်လများ ခင်လာခဲ့ပေမဲ့ နောက်ကျောကို ဓားနဲ့ထိုးသလို ခံစားလိုက်ရလို့ သူငယ်ချင်းအဖြစ်က စွန့်လွှတ်လိုက်ရတဲ့သူတွေ ရှိခဲ့သလို၊ ၂ မိနစ် ၃ မိနစ်လောက်ပဲ ခင်လိုက်ရတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ မွေးရပ်မြေကနေ မြို့ကြီးကို ပြောင်းလာတဲ့အခါမှာ ကျွန်မသူငယ်ချင်းတွေနဲ့ အဆက်အသွယ်နည်းလာပြီး တဖြည်းဖြည်း အဆက်သွယ်ပြတ်ခဲ့ပါတယ်။ ဒါကြောင့် ရှေ့ဆက်ပြီး ကျွန်မဘဝမှာ အရေးကြီးတဲ့သူတွေနဲ့ပဲ ပေါင်းပြီး သူတို့ကို ဘေးနားမှာပဲ ရှိစေချင်တယ်။ အသက်အရွယ်ရလာတဲ့အခါ ကျွန်မနယ်ပယ်က ပိုကျဉ်းလာပြီး ဘယ်သူတွေက ပိုအရေးပါလဲဆိုတာ သိလာပါတယ်။ ဘဝရဲ့အနိမ့်အမြင့်၊ အတက်အကျအားလုံးကို ဖြတ်ကျော်နေစဉ် ကျွန်မဘေးမှာ မပြောင်းလဲဘဲ ရှိနေပေးတဲ့သူဆို မေမေပဲ ရှိပါတယ်။

ကျွန်မဘဝမှာ မေမေဟာ ကျွန်မရဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်နေလို့ ဂုဏ်ယူလို့ မဆုံးပါဘူး။ အသက်ကြီးလာတာနဲ့အမျှ မေမေနဲ့ကျွန်မကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးတွေ ဖြစ်လာပြီး ကျွန်မလည်း အမေတူသမီးတစ်ယောက် ဖြစ်လာသလိုပါပဲ။ ဆယ်ကျော်သက်အရွယ်မှာ ကျွန်မဟာ ဆိုးဆိုးသွမ်းသွမ်းလေး နေခဲ့ဖူးပါတယ်။ မေမေကလည်း သူ့စည်းကမ်းအတိုင်း နေစေချင်တယ်၊ ကျွန်မကလည်း ဘဝကို ကျွန်မဘာသာလျှောက်လှမ်းချင်တယ်။ ဒါကြောင့် မေမေနဲ့ကျွန်မကြားမှာ ပြဿနာ အဖုအထစ်လေးတွေ ရှိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်မျက်လုံးချင်း မဆုံခဲ့ကြပါဘူး။ အဲ့ဒီလိုနဲ့ ဘွဲ့ရပြီး လက်တွေ့နယ်ပယ်ထဲ တစ်ယောက်တည်းဝင်လာရတဲ့အခါ ကျွန်မနောက်မှာ အမြဲတမ်းရပ်တည်ပေးတဲ့သူဟာ မေမေတစ်ယောက်ပဲရှိခဲ့တယ်ဆိုတာ ပိုပိုနားလည်လာပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မမေဟာ ကျွန်မအပေါ်မှာ ဘယ်တော့မှ မလိမ်ညာဘဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံတယ်။ ကျွန်မမှားနေရင်လည်း ထောက်ပြပြီး အမှန်ပြင်ခိုင်းတယ်။ အကြံဉာဏ်ကောင်းတွေပဲ ပေးလေ့ရှိတယ်။  ကျွန်မရဲ့စိတ်ကိုလည်း နားလည်တယ်။

ကျွန်မ ဝမ်းနည်းတဲ့အခါ ငိုဖို့ ပုခုံးတစ်ဖက်၊ ရယ်မောနေတဲ့အခါ ပွေ့ဖက်ဖို့ လက်မောင်းတစ်စုံ၊ လဲကျတဲ့အခါ ကမ်းလင့်ဖို့ လက်တစ်ဖက် မေမေ့ဘက်က အမြဲအဆင်သင့်ရှိနေပါတယ်။ ဘဝရဲ့အခက်အခဲတွေ ဘယ်လောက်ပဲကြုံကြုံ၊ မေမေနဲ့ဝေးနေချိန်မှာတောင် မေမေဟာ အကြံဉာဏ်တွေ၊ ဖြေရှင်းနည်းတွေ၊ ဟာသတွေ၊ အတွေ့အကြုံတွေကို ဖုန်းနဲ့တစ်ဆင့် ပြောပြပါတယ်။

မေမေဟာ ကြိုးစားမှုရဲ့ရလဒ်၊ ကိုယ့်ကျင့်တရားရဲ့အရေးပါပုံနဲ့ လွတ်လပ်မှုရဲ့အနှစ်သာရတွေကို အတွေ့အကြုံနဲ့တကွ ကျွန်မကို ပြောပြပါတယ်။ ကျွန်မရဲ့အိပ်မက်ပန်းတိုင်တွေက ဘယ်လောက်ဝေးဝေး မရောက်ရောက်အောင် သွားဖို့ ကျွန်မကို တွန်းအားပေးပါတယ်။ နှစ်တွေအများကြီး မေမေ့ရဲ့သွန်သင်ဆုံးမမှုတွေကြောင့် တစ်နေ့မှာ အတောင်ပံစုံသွားတဲ့ ငှက်ကလေး အသိုက်ကနေ ကောင်းကောင်းပျံသန်းသွားနိုင်သလို ကျွန်မဟာ လောကအလယ်မှာ ရဲရဲဝံ့ဝံ့လျှောက်လှမ်းသွားနိုင်မယ်လို့ မေမေက ယုံကြည်နေပါတယ်။

ကျွန်မအသည်းကွဲနေတုန်းက မေမေဟာ ကျွန်မကြိုက်တဲ့အစားအစာတွေ ချက်ကျွေးတယ်၊ နှစ်သိမ့်ပေးတယ်။ ကျွန်မရာထူးတိုးတုန်းက ကိတ်နဲ့ပူပေါင်းတွေ ပြင်ဆင်ပြီး ဂုဏ်ပြုပေးတယ်။ ကျွန်မ မာစတာဘွဲ့ယူတုန်းက ပါတီလုပ်ပေးတယ်။ ဒါကြောင့် မေမေဟာ ကျွန်မရဲ့ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ မေမေ့မေတ္တာတွေကို စာဖွဲ့ပြဖို့ စကားလုံးတောင် မရှိတော့ပါဘူး။

စာချစ်သူတို့ရေ…

ဘဝမှာ သူငယ်ချင်းတွေကလည်း အရေးပါသလို မိသားစုကလည်း ကိုယ့်ဘဝရဲ့ သူငယ်ချင်းကောင်းတွေပဲ ဖြစ်ကြပါတယ်။

သင်ရော လက်ခံပါသလား။