သားလေးရဲ့ ဘဝတစ်လျှောက်မှာ သတိတရရှိစေချင်တဲ့ မေမေ့ဆုံးမစကားများ

blank

သားလေးကို ပထမဆုံးမြင်လိုက်တုန်းက အမေ့စိတ်ထဲမှာ အတွေးနှစ်ခုပဲရှိခဲ့တယ်။ အဲ့ဒါကတော့ သားလေးကို မြင်မြင်ချင်း မေတ္တာစိတ်တွေ ယိုဖိတ်နေတဲ့ အမေ့ရဲ့ မိခင်စိတ်ကို အံ့သြမိတာရယ်၊ အမေ မြင်ဖူးခဲ့သမျှအရာအားလုံးမှာ အမေ့သားလေးဟာ အလှဆုံးပါပဲလား ဆိုတဲ့အတွေးရယ်ပေါ့။

တဖျတ်ဖျတ် တလက်လက်တောက်ပနေတဲ့ သားလေးရဲ့ မျက်လုံးပြူးပြူးဝိုင်းဝိုင်းလေးတွေရယ်၊ နက်မှောင်တောက်ပပြီး ကွေးကောက်နေတဲ့ သားလေးရဲ့ ဆံနွယ်လေးတွေရယ်၊ တစ်ခန်းလုံးကိုတောင် လင်းထင်းသွားစေနိုင်လောက်တဲ့ သားလေးရဲ့ အပြုံးတွေကြောင့် အမေ့သားလေးဟာ ထူးခြားတဲ့ သူတစ်ယောက် ဖြစ်ကို ဖြစ်မှာလို့ အမေ အဲ့ဒီကတည်းက သိခဲ့ပါတယ်။

အမေ့ဗိုက်ထဲမှာ သားရှိနေပြီဆိုတာ သိလိုက်ရတဲ့နေ့က ခံစားချက်ကို အမေ ခုထိ ရှင်းမပြတတ်ပါဘူး။ တစ်ခုပါပဲ အမေ့နှလုံးသားဟာ တစ်ခါမှ ဒီလောက်ထိ ပီတိတွေနဲ့ ပြည့်နှက်မနေခဲ့ဖူးဘူးဆိုတာတော့ အမေ သိလိုက်ပါတယ်။ အမေ့ဗိုက်ထဲမှာ ကလေးလေးတစ်ယောက်ရှိနေပြီတဲ့လေ။ လူတစ်ယောက်ရဲ့ ဘဝကို တာဝန်ယူရတယ်ဆိုတာ အရမ်းခက်ခဲတယ်ဆိုပေမယ့် အမေ ပျော်နေခဲ့ပါတယ်။

ပျော်သလို တစ်ဖက်မှာလည်း ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုလှုပ်ရှားသွားလာရမယ်၊ ဘယ်လိုစားသောက်ရမယ်ဆိုတာတွေ လေ့လာမေးမြန်းရင်း အမေ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ တကယ်တော့ ဒါဟာ အမေတိုင်းရဲ့ တာဝန်ပဲမလား။ သားလေးကို မမွေးခင်ကတည်းက အမေ့သားလေးဟာ ထူးခြားတဲ့လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်မယ်ဆိုတာတော့ အမေ သိပြီးသားပါ။

        သားလေးကို ပျိုးထောင်ရခြင်းဆိုတာ အမေ့ဘဝရဲ့ အကြီးမားဆုံး စွန့်စားခန်းတစ်ခုပါ။ ခက်ခဲပင်ပန်းတယ်ဆိုပေမယ့် သားလေးရဲ့ ရယ်ပြုံးနေတဲ့မျက်နှာလေးမြင်ရရင် အမောတွေအားလုံးပြေသွားတာပါပဲ။ သားလေးရဲ့ ရယ်သံဟာ အမေ့အတွက်တော့ တစ်လောကလုံးမှာ နားဝင်အချိုဆုံးအသံပါပဲ။ သားလေးရဲ့ အရယ်အပြုံးတွေဟာ ဖြူစင်ပြီးတော့ ဟန်ဆောင်နေတာတွေမရှိဘူးလေ။

သားလေးဟာ အမေ သိဖူးသမျှမှာ အကြင်နာဆုံးနှလုံးသားရှိတဲ့သူတစ်ယောက်ပါ။ တခြားသူတွေကို အမှန်တကယ် ဂရုစိုက်တယ်။ ကိုယ်ချင်းစာနာတတ်တယ်။ ထက်မြက်တယ်။ ရိုးသားဖြူစင်တယ်။ သားရဲ့ ဖြူစင်ရိုးသားမှုလေးကို အမေ ချစ်တယ်။ လောကဓံတရားတွေဟာ သားလေးရဲ့ ကြင်နာတတ်တဲ့ နှလုံးသားလေးကို ပျောက်ပျက်မသွားပါစေနဲ့လို့ အမေ ဆုတောင်းပါတယ်။ သားရဲ့ အရယ်အပြုံးတွေကို အပေါ်ယံဖြစ်သွားမှာကို အမေ မလိုချင်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြီးတော့ သားလေးကို သိထားစေချင်တာတစ်ခုက ဘဝဆိုတာ အမြဲတမ်းမလွယ်ကူနေဘူးဆိုတာကိုပါ။ ဘဝဟာ တစ်ခါတလေမှာ ခက်ခဲကြမ်းတမ်းတယ်။ အကြင်နာတရားကင်းမဲ့လွန်းပါတယ်။ သားလေး အရွယ်ရောက်လာတာနဲ့အမျှ လောကကြီးရဲ့ ဆိုးဝါးလွန်းတဲ့ မမျှတမှုတွေ မြင်တွေ့လာရမယ်။ လူတိုင်းကြုံတွေ့ရသလိုပဲ အခက်အခဲတွေ၊ ရုန်းကန်ရမှုတွေ ကြုံလာရမယ်။ တကယ်တော့ သားရယ်…အခက်အခဲတွေသာ မရှိဘူးဆိုရင် သားဟာလည်း အရည်အချင်းရှိတဲ့လူတစ်ယောက်ဖြစ်လာနိုင်မှာမဟုတ်သလို ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ကလည်း ခဲယဉ်းသွားပါလိမ့်မယ်။

         အမေ့အနေနဲ့ သားလေးရဲ့ ဘဝတစ်လျှောက်လုံးမှာ ဒီဆုံးမစကားလေးတွေကို သတိရနေစေချင်ပါတယ်။

  • အကြင်နာတရားကင်းမဲ့တဲ့ လောကကြီးမှာ ကြင်နာတတ်တဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
  • လူတိုင်းရဲ့ ပုံစံအမှန်ကို လက်ခံနိုင်ဖို့ ကြိုးစားပါ။
  • ပြဿနာတစ်ခုကို ရှုထောင့်အမျိုးမျိုးကနေ စဉ်းစားကြည့်ပါ။
  • ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ သေချာစဉ်းစားပါ။
  • ကျေးဇူးသိတတ်သူတစ်ယောက်ဖြစ်အောင် နေပါ။
  • အခက်အခဲတွေကနေ သင်ခန်းစာယူပါ။
  • အကောင်းမြင်စိတ်ရှိသူတစ်ယောက်ဖြစ်ပါ။
  • စိတ်ဓာတ်ကျစရာတွေဘယ်လောက်ပဲ ကြုံလာလာ မျှော်လင့်ချက်တွေကို လက်မလွှတ်လိုက်သင့်ဘူးဆိုတာ နားလည်သဘောပေါက်ပါ။
  • စိတ်နှစ်ပြီး ချစ်ခင်ပါ။
  • ကိုယ့်ကို ပျော်ရွှင်စေနိုင်တဲ့အရာအားလုံးကို လုပ်ပါ။
  • မကြာခဏ ရယ်မောပါ။

အမေ မရှိတော့တဲ့နောက်မှာ သားကို လမ်းပြပေးနိုင်မယ့် သူမရှိတော့ဘူး။ အဲ့ဒီအချိန်မှာ အမေ့ရဲ့ ဆုံးမစကားတွေအားလုံးကို သား သတိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ သားအပေါ်မှာ ထားခဲ့တဲ့ အမေ့အချစ်တွေကိုလည်း ပြန်သတိရပေါ့။ သားအကြောင်းကို စဉ်းစားမိတိုင်း အမေ လွမ်းဆွတ်တမ်းတမိသလို သားလည်း အမေ့ကို လွမ်းဆွတ်သတိရလိမ့်မယ်လို့ အမေ မျှော်လင့်ပါတယ်။

အမြဲတမ်းချစ်နေမယ့်

                                                                        သားလေးရဲ့ ထာဝရပရိသတ် မေမေ

         စာချစ်သူမေမေတို့ကော သားလေးကို ဘယ်လိုအမှာစကားလေးတွေ ဆိုချင်လဲ။