မိန်းကလေးတစ်ယောက် တိတ်ဆိတ်သွားတဲ့အခါ….

ချစ်ရတဲ့သူရေ….။

ကျွန်မက သဝန်တိုတတ်တယ်။ အသေးအဖွဲလေးတွေမှာ ငြင်းခုံတတ်တယ်။ ရှင့်ဘေးမှာ သူစိမ်းကောင်မလေးတွေတွေ့တိုင်း အမြဲမေးခွန်းထုတ်တတ်တယ်။ ကျွန်မရဲ့ခံစားချက်တွေအကြောင်း ရှင့်ကိုအမြဲပြောပြတတ်တယ်။

ရှင့်သူငယ်ချင်းတွေကို ရှင်ရင်ဖွင့်တယ် “ကောင်မလေးက သိပ်နားငြီးဖို့ကောင်းတယ်” ဆိုပဲ။ ရှင့်ကိုတွယ်တာလွန်းပြီး အားကိုးတတ်တဲ့ ကျွန်မကိုရှင်စိတ်ပျက်နေပြီလား။

ရှင်သိလား။ ထက်မြက်ပါတယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်ရသူရှေ့ရောက်ရင် ယုန်သူငယ်လေးလိုပဲ နူးညံ့သွားတတ်တယ်။ လုပ်ငန်းခွင်ကိုဦးစီးနေတဲ့ မိန်းကလေးတစ်ယောက်ဟာလည်းပဲ ချစ်သူနားမှာဆိုရင် မှီခိုချင်လာပြန်တယ်။ ဘယ်လောက်ပဲအရည်အချင်းတွေရှိရှိ ချစ်သူကိုဆို အားကိုးချင်တာပဲလေ။ ဒါတွေက ရှင့်ကိုစိတ်ပျက်စေပြီတဲ့လား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

စိတ်ချပါ။ ကျွန်မတို့ရဲ့ အချစ်ရေးဟာ ညှိယူလို့မရတော့ဘူးလို့ ကျွန်မခံစားရတဲ့တစ်နေ့။ ကျွန်မရဲ့ခံစားချက်တွေအကြောင်း ရှင့်ကိုရှင်းပြရတာ မောပန်းလာတဲ့နေ့တစ်နေ့။ ကျွန်မနဲ့ထိုက်တန်တဲ့ နေရာကို အခြားလူတွေနဲ့ စီးချင်းထိုးပြီးမှ ရယူရမယ့် နေ့တစ်နေ့မှာ ကျွန်မတိတ်ဆိတ်သွားမှာပါ။ မိန်းကလေးတစ်ယောက် လိုအပ်တာထက် ပိုပြီးတိတ်ဆိတ်သွားတဲ့တစ်နေ့ဟာ အချစ်ဟောင်းကရတဲ့ ဒဏ်ရာတွေကိုကုစားပြီး ဘဝကိုရှေ့ဆက်ဖို့ကြိုးစားတဲ့နေ့တစ်နေ့ပါပဲ။

ကျွန်မရဲ့တိတ်ဆိတ်ခြင်းဟာ ရှင့်ဆီကဂရုစိုက်ခြင်းတွေ တောင်းခံရင်းမောပန်းနေခဲ့တာတွေ၊ ကျွန်မရဲ့ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ရင်းဆုံးရှုံးခဲ့တဲ့ အင်အားတွေ၊ ကျွန်မနဲ့ထပ်တူကျတဲ့ ချစ်ခြင်းတွေကို တောင်းခံရင်းကုန်ဆုံးခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခြင်းတွေ အားလုံးကို ပြန်တည်ဆောက်ပေးနိုင်ပါလိမ့်မယ်။
မိန်းကလေးတစ်ယောက်ရဲ့ အသံတွေကို မကြောက်ပါနဲ့။ မိန်းကလေးတွေရဲ့ တိတ်ဆိတ်ခြင်းတွေကိုပဲကြောက်ပါ။ မိန်းကလေးတစ်ယောက် တိတ်ဆိတ်သွားခဲ့ပြီဆိုရင် ရှင်ဘယ်လောက်ပဲ ခေါ်ခေါ်ပြန်ထူးတော့မှာ မဟုတ်ပါဘူးလေ။