ကလေးတွေကို လိင်အင်္ဂါတွေရဲ့ နာမည်တွေ ပြောပြတာက ရိုင်းသတဲ့လား။

blank

နိုင်ငံခြားက page တစ်ခုမှာ တင်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖတ်လိုက်ရတယ်။ မူကြိုကျောင်းတစ်ခုမှာ လေးနှစ်အရွယ် မိန်းကလေးတစ်ယောက်က သူ့ဆရာမကို “ဆရာမရေ… သမီးဦးလေးက သမီးရဲ့ ကွတ်ကီးကို ကိုင်တယ်” လို့ပြောပြတယ်တဲ့။ ဆရာမကလည်း ကလေးစားနေတဲ့ကွတ်ကီးကို စနောက်ပြီး လုတယ်အထင်နဲ့ “အဲ့ဒါဆိုရင် နောက်ထပ် ကွတ်ကီးတစ်ခု ဝယ်ပေါ့သမီးရယ်” လို့ ပြောပြီး ပေါ့ပေါ့တန်တန်ပဲ သဘောထားလိုက်တော့တာပေါ့။

လပေါင်းများစွာအကြာမှာ ဆရာမနဲ့ အဲ့ဒီကလေးရဲ့ အမေစကားပြောနေရင်း အမေဖြစ်သူက “သမီးရဲ့ ကွတ်ကီးမှာ အနာလေးတွေပေါက်နေလို့ဆရာမရေ” လို့ပြောတော့ ဆရာမက “ ကွတ်ကီးမှာအနာပေါက်တယ်…ဟုတ်လား။” လို့ တအံ့တသြနဲ့ မေးလိုက်သတဲ့။ တကယ်တော့ ကလေးရဲ့မိခင်က “မိန်းမကိုယ်”ကို “ကွတ်ကီး” လို့ သင်ထားပေးတယ်ဆိုတာကို ဆရာမအနေနဲ့ အဲ့ဒီအချိန်ရောက်မှ သိလိုက်ရတယ်တဲ့။ အဲ့ဒီအခါမှ ကလေးက ပြောချင်နေတဲ့အကြောင်းအရာကို ဆရာမအနေနဲ့ သဘောပေါက်လာတော့တာပေါ့။
စာချစ်သူတို့ရေ…။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

အဲ့ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် ကလေးအနေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ခံနေရတယ်ဆိုတာကို ဆရာမကိုပြောပြဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲ့ဒီလို မအောင်မြင်ခဲ့တာက လိင်အင်္ဂါတွေရဲ့ နာမည်တွေကို ကလေးတွေသိအောင် အမှန်အတိုင်းမပြောပြဘဲ အရာဝတ္ထုတွေနဲ့ တင်စားပြီးပြောပြထားခဲ့လို့ပါ။
ဒါ့ကြောင့် လိင်အင်္ဂါတွေရဲ့ အမည်တွေကို နားလည်းခံသာအောင် အခြားလူတွေနဲ့ ဆက်သွယ်ပြောပြတဲ့အခါ နားလည်လွယ်အောင် သင်ထားပေးသင့်ပါတယ်။ လိင်အင်္ဂါတွေရဲ့ အမည်ကိုအမှန်အတိုင်း သိတာက မရိုင်းပါဘူး။ ဆဲရေးတိုင်းထွာတဲ့အခါ သုံးတာကပဲ ရိုင်းတာပါ။ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်အောင် သင်ပေးဖို့ဆိုရင် “ရိုင်းသွားမယ်” လို့ မတွေးလိုက်ပါနဲ့နော်။

သင့်ရဲ့အမြင်လေးတွေကိုလည်း comment box မှာ မျှဝေပေးခဲ့ပါဦး။