ဆယ်ကျော်သက်လေးတွေအနေနဲ့ အချစ်အကြောင်း နားလည်စေဖို့ ဒါလေးတွေ ပြောပြထားမယ်

blank

ချစ်လှစွာသော ကလေးတို့ရေ

မင်းတို့တွေ အရွယ်ရောက်လာပြီဆိုတော့ အနာဂတ်မှာ မဖြစ်မနေကြုံတွေ့လာရမယ့်အရာက အချစ်ဆိုတာပါပဲ။ ဒါကြောင့် အချစ်နဲ့တွေ့လာရင် မင်းတို့တွေ အချစ်ရဲ့သဘောသဘာဝကို ကြိုပြီးသိထားရအောင် မေမေ အခုကတည်းက ပြောပြထားချင်တယ်။

အချစ်ဆိုတာကလေ……

မင်းတို့ပြောသမျှ အမြဲနာခံပြီး မင်းတို့ကို အမြဲအလျှော့ပေးနေမှာ မဟုတ်ဘူး၊

မင်းတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို အမြဲလိုက်နာပြီး မင်းတို့နဲ့ လိုက်လျောညီထွေစွာ အမြဲသွားနေမှာ မဟုတ်ဘူး၊

မင်းတို့လိုချင်တဲ့အရာတိုင်းကို ဖြည့်ဆည်းပေးပြီး မင်းတို့ရှေ့ရောက်လာမယ့် အန္တရာယ်တွေကို အမြဲရှင်းလင်းပေးနိုင်မှာ မဟုတ်ဘူး။

မေမေလည်း အချစ်နဲ့ပတ်သက်ပြီး မင်းတို့ကို မကူညီနိုင်တဲ့အတွက် ဝမ်းနည်းမိပါတယ်၊ ကလေးတို့ရေ။

ဒါ့အပြင် အချစ်ကလေ မင်းတို့ဘဝကို လွယ်ကူချောမွေ့အောင်၊ ဘဝမှာ မင်းတို့ဖြစ်ချင်တာတွေ ဖြစ်လာအောင် လုပ်မပေးနိုင်ဘူး။ အချစ်က မင်းတို့ရဲ့ပြဿနာတိုင်းကို ဖြေရှင်းမပေးနိုင်ဘူး၊ မင်းတို့ရဲ့အကျင့်ဆိုးတွေအတွက် ဆင်ခြေရှာမပေးနိုင်ဘူး၊ အမှားတွေ မလုပ်မိအောင်  ရှောင်လွဲမပေးနိုင်ဘူး။ တကယ်တော့ အချစ်ဆိုတာကလေ မင်းတို့အတွက် အရာရာဖန်တီးပေးနိုင်မယ့် အာလာဒင်မီးခွက်မဟုတ်ဘူးနော်၊ ကလေးတို့ရေ။

ဒါပေမဲ့ အချစ်ကလေ မိုးရေစက်တွေထဲမှာ ကတတ်အောင်၊ ပန်းပင်လေးတွေ စိုက်ပျိုးတတ်အောင် မင်းတို့ကို ပြောင်းလဲပေးနိုင်တယ်။ ပြီးတော့လေ မိုးရေစက်တွေထဲမှာလည်း မင်းတို့လက်တွေကို ဆုပ်ကိုင်ပြီး ပွေ့ဖက်ပေးနိုင်တယ်၊ မိုးတိတ်သွားတဲ့အခါမှာလည်း မင်းတို့ကို ဆက်ပြီး နွေးထွေးမှုတွေ ပေးနိုင်တယ်။ တကယ်တော့ အချစ်က မင်းတို့စိတ်လေးတွေ နူညံ့သွားအောင်တော့ လုပ်ပေးနိုင်တယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အချစ်ကြောင့် ဆင်းရဲဒုက္ခတွေ၊ ကျရှုံးမှုတွေ၊ အမှားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတတ်ပေမဲ့ အချစ်ကပဲ မင်းတို့ကို မနာကျင်အောင် ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်းတို့ဘက်က အခက်အခဲတွေကနေ ပြန်ပြီးရုန်းထနိုင်ဖို့၊ သတ္တိရှိဖို့၊ အမှားတွေကနေ သင်ခန်းစာယူတတ်ဖို့ ပြင်ဆင်ထားရမယ်။

အချစ်နဲ့ပတ်သက်ပြီး မေမေ မင်းတို့ကို အမြဲတမ်း မကူညီနိုင်မှာ မဟုတ်တဲ့အကြောင်း ကြိုတင်ပြီးတောင်းပန်ထားမယ်နော်….။

မေမေလေ မင်းတို့ရဲ့ နှလုံးသားကို အမြဲတမ်းပဲ ကာကွယ်ပေးသွားချင်တာပေါ့။

ဒါပေမဲ့ လောကကြီးကတော့ မေမေဆန္ဒရှိတဲ့အတိုင်း လိုက်လျောချင်မှ လိုက်လျောပေးလိမ့်မယ်။

မင်းတို့ကို နာကျင်ခွင့်မပေးဘူးဆိုရင် မင်းတို့ဟာ ဒဏ်ရာကို ဘယ်လိုကုသရမလဲဆိုတာ ဘယ်တော့မှသိရမှာမဟုတ်ဘူး။ မင်းတို့လုပ်ခဲ့သမျှအမှားတိုင်းကို မေမေက လိုက်ဖုံးကွယ်ပေးနေမယ်ဆိုရင် အိပ်မက်တွေကို မင်းတို့ကိုယ်တိုင် ဘယ်တော့မှ အကောင်ထည်ဖော်နိုင်တော့မှာ မဟုတ်ဘူး။ မင်းတို့အတွက် မေမေက ရှေ့ကနေ အရာအားလုံးလုပ်ပေးနေမယ်ဆိုရင် မင်းတို့က ဘာကိုမှတက်ကြွစွာနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်တော့ဘူး။

တကယ်တော့ ဘဝရဲ့အကောင်းဆုံးအစိတ်အပိုင်းဆိုတာ မင်းတို့ကိုယ်တိုင် ရှာဖွေမှ တွေ့ရှိမှာဖြစ်တယ်၊ ကလေးတို့ရေ။ ဘဝရဲ့အကောင်းဆုံးအစိတ်အပိုင်းကို တွေ့ရှိဖို့ဆိုရင်  လောကကြီးထဲမှာ ရပ်တည်ရှင်သန်နေကြတာ မင်းတို့ပဲမဟုတ်ဘူးဆိုတာ နားလည်ပြီး ဘဝအတွက် ရည်ရွယ်ချက်ကိုယ်စီနဲ့ လျှောက်လှမ်းသွားကြပါ။ မင်းတို့ရဲ့အိပ်မက်ပန်းတိုင်ကော၊ လုပ်ဆောင်ချက်တွေတိုင်းဟာ အရေးကြီးတယ်။

ကျရှုံးနေရင် ဘာဆက်လုပ်ရမယ်ဆိုတာ၊ အမုန်းတရားတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အကြင်နာတရားတွေ ဘယ်လိုမွေးမြူရမယ်ဆိုတာ၊ ကိစ္စတစ်ခုကို လက်လျှော့ပစ်ချင်လာတဲ့အခါ ဘယ်လိုဆက်ကြိုးစားရမယ်ဆိုတာနဲ့ မင်းတို့လုပ်လိုက်တဲ့ကိစ္စတစ်ခုရဲ့ရလဒ်က မသေမချာဖြစ်နေတဲ့အခါ စိတ်ဓာတ်ခိုင်မာအောင်ဘယ်လိုနေမလဲဆိုတာတွေကို မင်းတို့တွေ အမြဲတမ်းလေ့လာထားသင့်တယ်။

လေ့လာသင့်တာတွေ လေ့လာထားဖို့က မင်းတို့တာဝန်ဖြစ်တာကြောင့် အချစ်က ကူညီမပေးနိုင်ပါဘူး။

ဒါပေမဲ့ အချစ်က…..

လေ့ကျင့်ပေးနိုင်တယ်၊ သင်ကြားပေးနိုင်တယ်၊ အကြိမ်ကြိမ် ခွင့်လွှတ်ပေးနိုင်တယ်၊ နည်းလမ်းပြပေးနိုင်တယ်။

တကယ်တော့ အချစ်ဆိုတာ မင်းတို့ဆီကနေ ဘယ်တော့မှထွက်ခွာမသွားဘဲ အမြဲအတူရှိနေမယ့်အရာပါ။

ကဲ…အခုလောက်ဆို အချစ်အကြောင်းလည်း သိလောက်ရောပေါ့။ ဘဝရဲ့အကောင်းဆုံးအစိတ်အပိုင်းတွေကို ကိုယ်စီရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ မေမေ ဆန္ဒပြုလိုက်ရပါတယ်၊ ကလေးတို့ရေ။

ကလေးတို့ရဲ့ချစ်လှစွာသော မေမေ

သင့်မေမေရော အချစ်နဲ့ပတ်သက်ပြီး ဘယ်လိုဆုံးမလေ့ရှိလဲ။

ဒီစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။