အပျိုကြီးတွေအတွက် စိတ်မပူပါနဲ့။ သူတို့တွေမှာ လွတ်လပ်ခြင်းတွေအဖော်ရှိပါတယ်။

blank

သီတင်းကျွတ်ရောက်ပြီဆိုတာနဲ့ အားလုံးကပျော်ကြတယ်။ ကျွန်မအပါအဝင်ပေါ့။ ခရီးတွေထွက်လို့ကောင်းတော့မယ်။ ကျွန်မကြိုက်တဲ့ ရာသီဥတုအေးအေးလေးလာတော့မယ်။ ဒါပေမဲ့ ကျွန်မရဲ့ သီတင်းကျွတ်ကာလကို မလှပအောင်လုပ်နေတဲ့အရာတွေ ရှိတယ်။

ကျွန်မတင်ထားတဲ့ ပုံတွေအောက်က “အပျိုကြီးနော်… အလှတွေပြင်လာတယ်။ စွံတော့မှာလား။” ဆိုတဲ့ comment တွေ။

အလှပြင်ပြီး အပြင်ထွက်တိုင်း “အံမယ်… အပျိုကြီး ရှိုးစမိုးတွေနဲ့ပါလား။ စားရတော့မယ်ဆိုရင် ပြောနော်” ဆိုတဲ့ လူတွေရဲ့ စကားတွေ။

လုပ်ငန်းခွင်မှာနေရာတစ်နေရာ ရထားတဲ့ကျွန်မကို “လူသာအစွံမထုတ်နိုင်တာ ကုန်ပစ္စည်းတွေကို ရောင်းအားကောင်းကောင်းနဲ့ ရောင်းနိုင်တဲ့ FA လေ” ဆိုပြီး ခနဲ့ကြတဲ့စကားတွေ။
သူတို့နဲ့ခင်ရာမင်ရာ လူပျိုကြီးတွေနဲ့ အတင်းစပ်ပေးဖို့ ကြိုးစားကြတာတွေ များလာတော့ ကျွန်မစိတ်အနှောက်အယှက်ဖြစ်လာမိတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။

ကျွန်မဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး ကိုယ့်ဘဝကိုကိုယ့်ယုံကြည်ချက်အတိုင်း လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ကျွန်မအပျိုကြီးဖြစ်နေတာဟာ “ကြိုက်မယ့်သူမရှိလို့” ထင်နေပြီး “အဖော်မဲ့မယ်နော်” ဆိုတဲ့ စကားနဲ့ ခြိမ်းခြောက်စရာမလိုပါဘူး။ ကျွန်မအပေါ်တကယ်စေတနာရှိရင် ကျွန်မကိုအရှိအတိုင်းလက်ခံပေးပြီး ခင်မင်ပေးပါ။ ကျွန်မရဲ့ဖြစ်တည်မှုကို လေးစားပေးပါ။ ကျွန်မကို စိတ်ဝင်တစားစောင့်ကြည့်နေပေးတာ ကျေးဇူးတင်ပေမယ့် “ဘယ်တော့စားရမလဲ” ဆိုတဲ့ စကားဟာ ကျွန်မကိုအကြီးအကျယ်စိတ်ပျက်စေတယ်။

ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် ကျွန်မကိုတန်ဖိုးထားတတ်တဲ့သူ၊ ကျွန်မရဲ့ဘဝတန်ဖိုးတွေနဲ့ လိုက်လျောညီထွေဖြစ်တဲ့သူ၊ ကျွန်မရဲ့နှလုံးကလက်ခံနိုင်ပြီး ဦးနှောက်ကမငြင်းဆန်တဲ့သူတစ်ယောက်၊ ကျွန်မဘဝကို ဒီထက်ပိုကောင်းအောင်ပံ့ပိုးပေးနိုင်ပြီး သူ့ဘဝမှာကျွန်မကိုနေရာပေးတဲ့ သူတစ်ယောက်နဲ့ ဆုံဆည်းတဲ့အခါ သေချာပေါက်လက်ထပ်မှာပါ။
အခုအချိန်မှာတော့ ကျွန်မကို စိတ်ပူမယ့်မိဘတွေ၊ ကျွန်မကို ဂရုစိုက်တဲ့ကျွန်မကိုယ်တိုင်ရှိနေတဲ့အတွက် ကျွန်မအတွက် အာရုံစိုက်မနေပါနဲ့။ ကျွန်မအတွက် စိတ်ပူပေးနေတဲ့အချိန်တွေကို ကျွန်မလိုခရီးတွေထွက်ရင်း၊ အရသာရှိတာတွေစားရင်း ဖြတ်သန်းပါလားလို့ အကြံပေးမယ်နော်။