ဖွင့်မပြောဖြစ်ခဲ့တဲ့ အဖေ့ရဲ့ မေတ္တာစကား

blank

သားရေ…

ဒီနှစ်ပိုင်းတွေမှာ အဖေတို့နှစ်ယောက် သိပ်အဆင်မပြေခဲ့ဘူးဆိုတာ အဖေသိပါတယ်။ ဒီအတွက်ကြောင့် အဖေ စိတ်လည်းမကောင်းပါဘူး။ အဖေဟာ သားကို အရမ်းချစ်တဲ့၊ သားဘဝအတွက် အကောင်းဆုံးတွေပဲ ပေးချင်တဲ့ ဖခင်တစ်ယောက်ဆိုတာကိုတော့ သားသိနိုင်လိမ့်မယ်လို့ အဖေမျှော်လင့်ပါတယ်။

သားကို မွေးတုန်းက အဖေဟာ သားအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးဖခင်တစ်ယောက်ဖြစ်စေရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့ပါတယ်။ ဖခင်တစ်ယောက်ဖြစ်ရတာဟာ လွယ်ကူပါတယ်လို့ထင်ပြီးတော့ပေါ့။ သားတော့ မှတ်မိနိုင်ပါ့မလားမသိပေမယ့် သားဟာ ငယ်ငယ်လေးကတည်းက အရမ်းဖော်ရွေပြီး ထက်မြက်တဲ့ကလေးတစ်ယောက်ပါ။ အဖေ့ကိုလည်း စူပါဟီးရိုးကြီးတစ်ယောက်လို့ သားက မှတ်ယူထားတယ်လေ။ အလုပ်က ပြန်လာတဲ့အချိန် အဖေ့ကို တံခါးဝက စောင့်ပြီး ပြေးဖက်တတ်တဲ့ သားအပြုအမူဟာ အဖေ့ရဲ့ တစ်နေ့တာ အမောတွေကို ပြေပျောက်သွားစေသလိုပါပဲ။

သား အလယ်တန်းရောက်တဲ့အခါမှာမှာတော့ မိသားစုအတွက် ကုန်ကျစရိတ်တွေဟာလည်း တိုးမြင့်လာတာမို့ အဖေဟာ မိသားစု စားဝတ်နေရေးအတွက် အလုပ်နဲ့ပဲ အချိန်ကုန်ဆုံးခဲ့မိပါတယ်။ သားနဲ့အတူ ဘောလုံးကန်ဖို့ အဖေ့ကို ခေါ်တော့ သားလောက်အရေးမပါတဲ့ အလုပ်တွေကို လက်ညှိုးထိုးပြပြီး အခု မအားသေးဘူးလို့ ပြောခဲ့မိတယ်။ အဖေဟာ လူမိုက်ကြီးတစ်ယောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အဖေ အဆင်သင့်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အချိန်ကတော့ လည်ပတ်နေခဲ့တာပါပဲ။ သား အထက်တန်းရောက်တဲ့အခါမှာတော့ အဖေနဲ့ သားရဲ့ ကြားမှာ နံရံတွေ ခြားလာခဲ့ပါတယ်။ အဖေဟာလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးဖခင်အဖြစ်ကနေ သားရဲ့လွတ်လပ်မှုကို ပိတ်ပင်တားဆီးနေတဲ့ လူဆိုးတစ်ယောက်ဖြစ်လာခဲ့တယ်။ အဖေ သားအပေါ်မှာ မညှာမတာလုပ်သလိုများ ဖြစ်သွားခဲ့လား။ သားရုန်းကန်နေခဲ့ရတဲ့အဲ့ဒီနှစ်တွေမှာ သားရဲ့ ငိုသံကို မကြားနိုင်ရလောက်အောင် အဖေ နားတွေများ ကန်းနေခဲ့သလားကွာ။

သား အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့ပဲ ပိုအချိန်ကုန်ဆုံးချင်လာတယ်။ အဖေဟာလည်း သားအတွက် စူပါဟီးရိုးအဖြစ်ကနေ တဖြည်းဖြည်းလျှောကျလာတယ်။ အဖေတို့ကြားက သူစိမ်းဆန်မှုတွေဟာ အဖေ့ရင်ကို တော်တော်နာကျင်စေပါတယ်။ အဖေတို့ကြား ရင်းနှီးမှုတွေ ပျောက်ဆုံးသွားတာကြောင့် အဖေ့ခံစားချက်တွေ ထုတ်ပြဖို့ကလည်း ခဲယဉ်းလာပါတော့တယ်။ အချိန်တွေလည်း တဖြည်းဖြည်းကုန်ဆုံးလာခဲ့သလို သားဟာလည်း အလုပ်ကိစ္စတွေနဲ့ မအားလပ်တော့ပါဘူး။

တကယ်တော့ အချိန်ဆိုတာ ထူးဆန်းတဲ့အရာတစ်ခုပါ။ အတိတ်ကို ပြန်လှည့်မကြည့်မိမချင်း အဖိုးတန်တာကို သိနိုင်ဖို့ ခဲယဉ်းပါတယ်။ အတိတ်ကနေ့ရက်တွေဟာ ကုန်ဆုံးသွားပြီဆိုပေမယ့် အမှတ်တရတွေကိုတော့ ပေးစွမ်းနိုင်တုန်းပါပဲ။ ဘယ်လိုလုပ်ပြီးတော့များ ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေဟာ လူကို ဝမ်းနည်းစေတာပါလိမ့်။ အဖေ သားကို ထွေးပွေ့သင့်သလောက် ထွေးပွေ့ခဲ့မိရဲ့လား။ အသိအမှတ်ပြုသင့်သလောက်ကော အသိအမှတ်ပြုခဲ့မိရဲ့လား။ အဖေ မလုပ်ခဲ့မိဘူးထင်တာပါပဲ။

အဖေဟာ အဖေ့တစ်ဘဝလုံးကို လူတွေစိတ်ကျေနပ်စေဖို့အတွက် ပုံစံအမျိုးမျိုးပြောင်းလဲပြီး နေထိုင်ခဲ့ပါတယ်။ သားကောင်းတစ်ယောက်၊ ကျောင်းသားကောင်းတစ်ယောက်၊ အစ်ကိုကောင်းတစ်ယောက်၊ အလုပ်သမားကောင်းတစ်ယောက်၊ သူငယ်ချင်းကောင်းတစ်ယောက်စသဖြင့်ပေါ့။ တကယ်တော့ လူတွေအားလုံးကို စိတ်ကျေနပ်စေဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ အဖေ့ရဲ့ ပုံစံအမှန်မှာ သူတို့မကြိုက်တာတွေ ရှိနေခဲ့မှာကို ကြောက်ရွံ့နေခဲ့တာမို့ ဘယ်သူ့ကိုမှ မပြသခဲ့ဖူးဘူး။  ဒါကြောင့်ပဲ အဖေ့သားသမီးတွေကိုတော့ ဒီလိုပုံစံမျိုး မဖြစ်စေချင်ခဲ့တာပေါ့။ ဒါပေမဲ့ ဖခင်တစ်ယောက်ရဲ့ အရေးကြီးဆုံးတာဝန်ဟာ ကလေးကို လမ်းပြပေးနိုင်ဖို့၊ အန္တရာယ်တွေ ကြုံလာတိုင်း သားသမီးရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်ဖို့ဆိုတာကို အဖေ မသိခဲ့ပါဘူး။

ဒါကြောင့်ပဲ သားကာဆီးထားလိုက်တဲ့ နံရံတွေကို ချိုးဖျက်နိုင်ဖို့ အဖေ မကြိုးစားခဲ့မိဘူးလေ။ သားဘဝဟာ အခုမှ စတုန်းပါ။ တစ်နေ့ကျရင် သားဟာလည်း ဖခင်တစ်ယောက်ဖြစ်လာမှာပါ။ ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ အဖေကြိုးစားခဲ့သလို မင်းဟာလည်း အဖေ့ထက်ပိုကောင်းတဲ့ ဖခင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဖေက သားကို မချစ်ခဲ့ဘူး၊ နားမလည်ခဲ့ဘူး၊ ဂရုမစိုက်ဘူးလို့ သားတွေးနေခဲ့တာတွေကို အဖေသိရတော့ နာကျင်မိပါတယ်။ သားအပေါ် အဖေ ဂရုမစိုက်ခဲ့မိတာတွေအတွက် အဖေ့ကို ခွင့်လွှတ်ပေးနိုင်မလား။ ဖခင်တစ်ယောက်ဖြစ်ရခြင်းဟာ တစ်ခါတလေမှာ နာကျင်ရတတ်ပေမယ့် ဒါဟာ အဖေ့ဘဝမှာ လုပ်ဖူးခဲ့တဲ့ ဂုဏ်အယူရဆုံးအရာတစ်ခုပါ။ သားကို အဖေ့ဆီရောက်လာစေခဲ့တဲ့ ကံတရားကိုလည်း ကျေးဇူးတင်မိပါတယ်။

သားကို ချစ်တဲ့ အဖေ

ဒီစာစောင်လေးကို နှစ်သက်သဘောကျတယ်ဆိုရင် မျှဝေပေးသွားပါဦးနော်။