အသည်းကွဲဒဏ်ရာကို ကုစားနိုင်ဖို့ ဘာတွေလိုမလဲ။

blank

သူ့ကြောင့် ကွဲအက်သွားတဲ့အသည်းဟာ ဘယ်တော့မှ အကောင်းပကတိပြန်ဖြစ်မလာနိုင်တော့ဘူးလို့ ခံစားနေရပြီလား။ တကယ်တော့ အသည်းကွဲလို့ နာကျင်ရတဲ့ နာကျင်မှုတွေအားလုံးရပ်တန့်သွားမယ့် တစ်ချိန်ဆိုတာ ရောက်ကို ရောက်လာမှာပါ။ ခရီးတွေထွက်လိုက်ပါ။ ကိုယ့်စိတ်ခံစားချက်တွေကို တစ်ဦးတည်းကို အပိုင်ပေးပြီး ထိန်းချုပ်ခွင့်ပေးထားဖို့ မလိုအပ်ပါဘူး။ ကမ္ဘာကြီးဟာ အကျယ်ကြီးပါ။ ကိုယ့်အပေါ် သူ့ထက် ပိုချစ်၊ ပိုကောင်းပေးနိုင်တဲ့သူကို တွေ့လာမှာပါ။ သူ နားလည်ပေးတာထက် ပိုနားလည်ပေးနိုင်တဲ့သူနဲ့ ဆုံစည်းလာရမှာပါ။

အခုခံစားနေရတဲ့ နာကျင်မှုတွေအားလုံးဟာ အချိန်တစ်ခုကြာတဲ့အခါ ပျောက်သွားမှာပါ။ တစ်နေ့ကျရင် ကိုယ်နဲ့ မထိုက်တန်တဲ့သူတစ်ယောက်အတွက် အသေအလဲခံစားနေခဲ့တာဟာ ဘယ်လောက်ရူးကြောင်ကြောင်နိုင်တယ်ဆိုတာ သဘောပေါက်လာမှာပါ။ တချို့လူတွေဟာ ကိုယ့်ဘဝထဲမှာ ခဏတာနားခိုဖို့အတွက်သာ ဝင်လာတတ်ကြသူတွေဖြစ်တာမို့ နှလုံးသားထဲမှာ ထာဝရနေရာပေးထားဖို့ မထိုက်တန်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အသည်းကွဲဒဏ်ရာကို ကုသဖို့ဆိုတာ လွယ်တော့မလွယ်ကူပါဘူး။ တချို့နေ့တွေမှာ မျက်လုံးတွေ ဖောင်းအစ်နီရဲနေလောက်အောင် ငိုမိနေမယ်။ တချို့နေ့တွေမှာတော့ ဘဝကိုတောင် အရှုံးပေးလိုက်ချင်စိတ်တွေဖြစ်နေမယ်။ နာကျင်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ရှေ့ဆက်မတိုးနိုင်တော့ဘူးလို့ ထင်လာလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဘဝတစ်ခုလုံးဟာ အခုလက်ရှိဖြစ်နေတာတွေပေါ်မှာ မူတည်နေတာမဟုတ်လို့ ဘဝကို ရှေ့ဆက်နိုင်အောင် ကြိုးစားပါ။

ကွဲသွားတဲ့အသည်းလေး သူ့ဒဏ်ရာသူကုစားမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်နေလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ ဒဏ်ရာတွေကျက်သွားတဲ့အချိန် ကိုယ့်ဘဝကိုယ် လက်မလျှော့မိတာအတွက် ကျေးဇူးတင်မိလာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မှာ ရှေ့ဆက်တိုးနိုင်ဖို့ ခွန်အားအပြည့်အဝရှိတယ်ဆိုတာ ယုံကြည်ပြီး ကြံ့ကြံ့ခံနေလိုက်ပါ။ ဒါဟာ လက်ရှိအချိန်မှာ လုပ်နိုင်တဲ့ အကောင်းဆုံးအရာပါပဲ။

စာချစ်သူတို့ရဲ့ အသည်းကွဲနေတဲ့သူငယ်ချင်းကို အားပေးဖို့ ဒီစာစောင်လေးကို မျှဝေပေးသွားပါဦးနော်။